ဒီတစ်ပတ် weekend ရဲ့ Super Sunday ညမှာ တအားကို စိတ်ဝင်စားစရာကောင်းတဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း ရှိနေပြီး ဒီပွဲကတော့ အန်ဖီးလ်မှာ ကျင်းပမယ့် လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်ပါ။ ဘယ်လောက်ပဲ ခြေစွမ်းတွေ မငြိမ်ပါစေ အန်ဖီးလ်ရောက်ရင်တော့ ကြောက်ရတဲ့ လီဗာပူးလ်ရယ် အမှတ်ပေးဇယားထိပ်က အာဆင်နယ်ရယ် ထိပ်တိုက် ဆုံတွေ့တဲ့ ပွဲစဉ်ဟာ တကယ်ကို လက်လွတ်မခံစတမ်း စောင့်ကြည့်ရမယ့် ပွဲစဉ် ဖြစ်နေပါတယ်။

Photo Credit : Sporting News

ဒီအသင်းနှစ်သင်းကြား အန်ဖီးလ်ကွင်းမှာ ဆုံတွေ့ခဲ့တဲ့ head-to-head ရလဒ်တွေကို ပြန်ကြည့်မယ်ဆိုရင် အာဆင်နယ်က ၂၀၁၂ခုနှစ်နောက်ပိုင်း လီဗာပူးလ်ကို အန်ဖီးလ်မှာ လုံးဝ အနိုင်မယူနိုင်ခဲ့တာဟာ (၁၂)ပွဲအထိတောင် ရှိနေပြီ ဖြစ်ပါတယ်။ အဲ့ဒီ(၁၂)ပွဲမှာ မိနစ်(၉၀)အတွင်း သရေကျခဲ့တာက (၃)ပွဲသာ သရေကျထားပြီး ကျန်တဲ့ (၉)ပွဲလုံး အိမ်ရှင် လီဗာပူးလ်ကသာ အနိုင်ရထားတာဖြစ်လို့ အန်ဖီးလ်က အာဆင်နယ်အသင်းအတွက် တကယ်ကို အိမ်မက်ဆိုးတွေ မက်ရာနေရာတစ်ခု ဖြစ်နေရလို့ ဒီတစ်ကြိမ် ထိပ်တိုက် တွေ့ဆုံမှုမှာ ဒီလို အခြေအနေတွေကနေ အလွတ် ရုန်းနိုင်လိမ့်မယ်လို့ အာဆင်နယ်နည်းပြ အာတီတာက မျှော်လင့်နေပါတယ်။

Photo Credit : Football365

“ကျွန်တော်တို့ ရလဒ်ကောင်းအောင် လုပ်ရမှာပေါ့။ ကျွန်တော်တို့အနေနဲ့ လက်ရှိ အခိုက်အတန့်ကို ဆုပ်ကိုင်ထားပြီး အဲ့ဒီအတိုင်း အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အသင်းက တကယ်ကို စိတ်အားထက်သန်မှုနဲ့ အကောင်းမြင်စိတ်တွေ အပြည့် ရှိနေပြီး စိန်ခေါ်မှု ကြီးကြီးမားမား ရှိနေပေမယ့် အန်ဖီးလ်လ် သွားပြီး နှစ်ပေါင်းများစွာ ကျွန်တော်တို့ မလုပ်ဆောင်ဖူးတဲ့ အရာတစ်ခုကို လုပ်ဆောင်ဖို့ အခွင့်အလမ်းတစ်ခု ရှိနေတယ်လို့ မှတ်ယူထားပါတယ်”

Photo Credit : The Times

“ဒီလို မှတ်ယူထားမှုဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အသင်းကို တွန်းအားပေးနေတာပါ။ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကိုလည်း သိထားပါတယ်။ ကျွန်တော်တို့ အခက်ခဲဆုံးနေရာတွေမှာ အကောင်းဆုံး ကစားခဲ့တာပါ” လို့ အာတီတာ ပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ တောင်ပံကစားသမား ဆာကာက ကြံ့ခိုင်မှု ပြည့်ဝလို့ ပြန်လည် ပါဝင်လာဖို့ ရှိနေပေမယ့် နောက်ခံလူ ဆာလီဘာကတော့ ဒဏ်ရာက မသက်သာသေးလို့ ဆက်လက် လွဲချော်ရဖွယ် ရှိနိုင်ပါတယ်။