ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရာသီကြို ချစ်ကြည်ရေးပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို ၂ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရှုံးပွဲကြောင့် ရလာတဲ့ ခံစားချက်ကို မုန်းတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာတီတာရဲ့ အာဆင်နယ်နဲ့ တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်တို့က အမေရိကန်နိုင်ငံမှာ ရာသီကြို ခြေစမ်းပွဲကို ယှဉ်ပြိုင် ကစားခဲ့ကြတာ ဖြစ်ပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အများအပြားကို ထည့်သွင်းကာ နိုင်ပွဲ ရယူနိုင်ဖို့ အတွက် ကြိုးစား ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Photo Credit: Standard

အဆိုပါပွဲမှာ အာတီတာက အသစ် ဝယ်ယူထားတဲ့ ဒီကလန်ရိုက်စ် ၊ ကိုင် ဟားဗက်ဇ် ၊ တင်းဘား စတဲ့ ကစားသမားတွေကို ရမ်စဒဲလ် ၊ ဆာလီဘာ ၊ ဂါဘရီရယ် ၊ တိုမီယာစု ၊ အိုဒီဂတ် ၊ ဆာကာ ၊ မာတီနယ်လီ ၊ အန်ခီးတီးယား စတဲ့ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် အရေးပါခဲ့တဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ပွဲထုတ်ခဲ့ပါတယ်။

တဖက်မှာလည်း တန်ဟက်ဂ်က ကစားသမားသစ် မေဆန်မောင့်ကို ပွဲထွက် လူစာရင်းထဲမှာ ထည့်သွင်းခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်းထဲမှာ ဟီတန် ၊ ဘစ္စကာ ၊ ဗာရန်း ၊ မာတီနက်ဇ် ၊ လုခ်ရှော ၊ ကတ်စ်မဲရိုး ၊ ဘရူနို ဖာနန်ဒက်ဇ် ၊ အန်တိုနီ ၊ ဆန်ချို စတဲ့ အဓိက ကစားသမားတွေနဲ့ ဂါနာချို ၊ မိုင်နို စတဲ့ လူငယ်ကြယ်ပွင့်တွေ ပါဝင်ခဲ့ပါတယ်။

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြတာကြောင့် ပွဲက ပွဲကောင်း တပွဲ ဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က အာဆင်နယ်ထက် ကစားပုံ ပိုကောင်းခဲ့သလို ဘရူနို ဖာနန်ဒက်ဇ်နဲ့ ဆန်ချိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ရာသီအဖွင့်မှာ မျက်နှာပန်းလှခဲ့ပါတယ်။

Photo Credit: Arsenal

မန်ချက်စတာ ယူနိုက်တက် ၂-၀ အာဆင်နယ် ပွဲအပြီးမှာတော့ မီခေး အာတီတာက သူနဲ့ သူ့ရဲ့ ကစားသမားတွေဟာ ရှုံးပွဲကို မုန်းတီးကြောင်း ၊ ယူနိုက်တက်ကို ရှုံးခဲ့တဲ့ ပွဲအပြီးမှာ ရလာတဲ့ ခံစားချက်ကို မကြိုက်ကြောင်းနဲ့ လာမယ့်ပွဲတွေမှာ နိုင်ပွဲတွေ ရယူဖို့ အစွမ်းကုန် ကြိုးစားတော့မယ့် အကြောင်းတွေကို ပြောကြားသွားခဲ့ပါတယ်။

မီခေး အာတီတာက – “ကျွန်တော်က ရှုံးပွဲတွေကို မုန်းသလို ကျွန်တော့်ရဲ့ ကစားသမားတွေကလည်း ရှုံးပွဲဆိုရင် မုန်းတီးကြပါတယ်။ ဒါကြောင့် ဒီနေ့ပွဲက ကျွန်တော်တို့အတွက် ကြီးမားတဲ့ သင်ခန်းစာ တခု ဖြစ်နေပါလိမ့်မယ်။ ကျွန်တော် အခုချိန်မှာ ခံစားနေရတဲ့ ခံစားချက်ကြီးကို မကြိုက်ပါဘူး။ ဒါကြောင့် ကျွန်တော်နဲ့ ကောင်လေးတွေက လာမယ့်ပွဲတွေမှာ အခုထက် ပိုကောင်းလာဖို့နဲ့ နိုင်ပွဲတွေ ရယူဖို့ အစွမ်းကုန် ကြိုးစားပါတော့မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။