MySport Myanmar

ရာသီအကုန်မှာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲသွားဖို့ အစီအစဉ် မရှိတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ဒီနှစ် ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲသွားတော့မယ်ဆိုပြီး ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပေမယ့် Sky Sports ကနေ ဖော်ပြချက်မှာတော့ အာတီတာအနေနဲ့ ရာသီအကုန်မှာလည်း အာဆင်နယ်မှာသာ ဆက်ရှိနေလိမ့်မယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းထဲမှာ လီဗာပူးလ်နည်းပြကြီး ယာဂန် ကလော့ပ် နဲ့ ဘာစီလိုနာနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က ရာသီအကုန်မှာ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေကနေ ထွက်ခွာတော့မယ်ဆိုပြီး တရားဝင် အသိပေး ထုတ်ပြန်ခဲ့ကြပါတယ်။

Photo Credit : The Sun

ဒီလို နည်းပြတွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာချိန်မှာ အာဆင်နယ်နည်းပြ အာတီတာကလည်း ဘာစီလိုနာ နည်းပြသစ်အဖြစ် လျာထားတဲ့ စာရင်းထဲမှာပါ ပါဝင်နေလို့ ဒီရာသီအကုန်မှာ အာဆင်နယ်အသင်းကို စွန့်ခွာပြီး သူ ငယ်စဉ်က ဘောလုံးပညာတွေ သင်ကြားခဲ့တဲ့ လာမာစီယာ အကယ်ဒမီရှိရာ ဘာစီလိုနာဆီ ပြန်သွားနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဘာစီလိုနာကလည်း ရာသီကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် ဇာဗီနေရာအတွက် ကလော့ပ်ကို အလိုရှိနေပြီး ကလော့ပ်က လီဗာပူးလ်ကနေ ထွက်ခွာပြီးနောက်မှာ နည်းပြဘဝကနေ တစ်နှစ်ခန့်လောက် အနားယူနိုင်တာမို့ အာတီတာ အပါအဝင် တခြားသော နည်းပြတွေကိုသာ ချိန်ရွယ်နေရပါတယ်။

Photo Credit : Sky Sports

ဒီလို ချိန်ရွယ်နေတဲ့ နည်းပြတွေထဲမှာ အာတီတာလည်း ပါဝင်လို့နေတာကြောင့် အာတီတာအနေနဲ့ ရာသီအကုန်မှာ အာဆင်နယ် နည်းပြရာထူးကို စွန့်လွှတ်ပြီး ဘာစီလိုနာ နည်းပြရာထူးကို လွှဲပြောင်းရယူသွားတော့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

ဒါပေမယ့် ဒီသတင်းတွေက သတင်းအတုသာဖြစ်ပြီး အာတီတာက ဒီရာသီအကုန်မှာလည်း အာဆင်နယ်အသင်းနဲ့သာ ဆက်လက် လက်တွဲသွားမှာ ဖြစ်တယ်လို့ Sky Sports သတင်းမီဒီယာကြီးကနေ အတိအလင်း ခိုင်ခိုင်မာမာ ဖော်ပြသွားခဲ့ပါတယ်။

Exit mobile version