အာဆင်နယ်အသင်း နည်းပြ မီခယ်လ် အာတီတာက အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ထိပ်တိုက် မတွေ့ဆုံခင်မှာပဲ ပြိုင်ဘက် ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ရူဘင် အမော်ရင်ဟာ ထူးခြား ပြောင်မြောက်စွာ လုပ်ဆောင်ထားတဲ့ နည်းပြတစ်ဦး ဖြစ်တယ်လို့ ချီးကျူး ပြောကြားလိုက်ပါတယ်။

အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့ဟာ ဒီနေ့ည Emirates ကွင်းမှာ ရင်ဆိုင်သွားကြရမှာဖြစ်ပြီး နှစ်သင်းလုံးကတော့ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ကောင်းမွန်နေပေမယ့် အမှတ်ပေးဇယား ရပ်တည်မှုမှာတော့ အာဆင်နယ်က အဆင့်(၂)နေရာ ရပ်တည်နေပြီး ယူနိုက်တက်ကတော့ (၆)မှတ်အကွာ အဆင့်(၉)နေရာမှာသာ ရှိနေပါတယ်။

Photo Credit : O Jogo

လက်ရှိမှာ ယူနိုက်တက်က နည်းပြသစ် အမော်ရင်နဲ့အတူ (၃)ပွဲကစား (၃)ပွဲလုံး ရှုံးပွဲမရှိအောင် ကစားထားနိုင်ပြီး အာဆင်နယ်နဲ့ပွဲ မတိုင်ခင် အဲဗာတန်နဲ့ ပွဲမှာပါ (၄)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အခု အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့်ပွဲကတော့ အမော်ရင်အတွက် အကြီးမားဆုံး စမ်းသပ်ခံရမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။

လတ်တလောမှာ အင်္ဂလန် ဘောလုံးနယ်ပယ်ထဲကို စတင် ခြေချလာခဲ့တဲ့ နည်းပြ အမော်ရင်နဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက သူရဲ့ အထင်အမြင်တွေကို ပြောဆိုလာခဲ့ပြီး အမော်ရင်ကိုလည်း ချီးကျူးမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ “သူ ကစားချင်တဲ့ပုံစံနဲ့ သူရဲ့ ထင်ရှားတဲ့ ဝိသေသကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။”

Photo Credit : Arsenal Insider

“သူ ဘာလုပ်ချင်လဲဆိုတာ ချက်ချင်း သိပါတယ်။ သူ့မှာ ရှင်းရှင်းလင်းလင်း ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။ သူက စပို့တင်း လစ္စဘွန်းမှာလည်း အတော်လေး အောင်မြင်ခဲ့တယ်။ အထူးသဖြင့် သူရဲ့လုပ်ပုံကိုင်ပုံ သူ့အသင်း ကစားပုံနဲ့ နှစ်ပေါင်းများစွာ အဲ့ဒီမှာ အောင်မြင်ခဲ့တာက ထူးခြားပြောင်မြောက်ပါတယ်။ သူက ကလပ်အသင်းအတွက် ကစားသမားတွေအတွက် စွမ်းအင်တွေ ပေးတယ်။”

“စိတ်ကူးသစ်တွေ ပေးခဲ့တယ်။ ဒါက အမြဲတမ်း အပြုသဘောဆောင်တဲ့ အရာပါ။ ကျွန်တော်တို့ကတော့ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်နေပါတယ်။ ကျွန်တော်တို့က လက်ရှိမှာ ကောင်းကောင်း လည်ပတ်နေပြီး အရှိန်လည်း ကောင်းနေပါတယ်။ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲက ကြီးမားပြီး ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။