ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ မကြာခင်မှာ ပရိသတ်တွေ ကြားချင်နေတဲ့ ကစားသမားသစ် ခေါ်ယူမှု သတင်းကောင်းတွေကို ကြားရတော့မယ် လို့ ရိန်းဂျားအသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

တချိန်က ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရှုံးပွဲမရှိစံချိန်နဲ့ ရယူနိုင်ခဲ့ဖူးတဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၂နှစ် ၊ ၃နှစ် အတွင်း ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတော့တဲ့ အထိ နိမ့်ပါးလာခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာဆိုရင် ဥရောပဝင်ခွင့်တောင် မရတော့ပါဘူး။

Photo Credit: Express

ဒါကြောင့်ပဲ အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ နည်းပြ အာတီတာနဲ့ ပူးပေါင်းကာ အသင်းကို သွေးသစ်လောင်းဖို့ ပြင်ဆင်နေပြီး ယခုနှစ် နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် အနိမ့်ဆုံး ၄ဦး အထိ ဝယ်ယူဖို့ လျာထားပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ယခုနှစ် နွေရာသီရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဘင်ဖီကာအသင်းရဲ့ လူငယ် နောက်ခံလူ တာဗာရက်ကို ပြောင်းရွှေ့ကြေး ယူရို ၈သန်းနဲ့ ခေါ်ယူထားနိုင်ပြီး တာဗာရက်ကလည်း မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ရိန်းဂျားအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ခြေစမ်းပွဲမှာ သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါသေးတယ်။

တာဗာရက်ကို ခေါ်ယူပြီးနောက်ပိုင်းမှာ အာဆင်နယ်အသင်းဟာ အန်ဒါလက်ချ်အသင်းရဲ့ ကွင်းလယ်လူ လိုကွန်ညာနဲ့ ဘရိုက်တန်အသင်းရဲ့ နောက်ခံလူ ဘန်ဝှိုက်တို့ကို ခေါ်ယူဖို့လည်း သဘောတူညီမှုတွေ ရရှိထားပြီး လာမယ့် သီတင်းပတ် အတွင်းမှာပဲ သူတို့နှစ်ဦးရဲ့ အပြောင်းအရွှေ့တွေကို တရားဝင် ကြေညာဖွယ် ရှိပါတယ်။

Photo Credit: Express

အဲ့ဒါအပြင် အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ဝုဗ်ကွင်းလယ်လူ ရူဘင်နီဗက် ၊ ဆက်ဆူအိုလို ကွင်းလယ်လူ လိုကာတယ်လီ ၊ လိုင်ယွန်ကွင်းလယ်လူ အာဝါတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး သူတို့ထဲက တဦးဟာလည်း အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် ဖြစ်လာဖို့ အလားအလာ များနေပါတယ်။

ရိန်းဂျားအသင်းနဲ့ ခြေစမ်းပွဲအပြီးမှာတော့ အာတီတာက မကြာခင်မှာ ပရိသတ်တွေ မြင်ချင်နေတဲ့ ကစားသမားသစ် ခေါ်ယူမှုတွေကို ကြေညာနိုင်တော့မယ်လို့ အတည်ပြု သွားခဲ့ပါတယ်။ အာတီတာက – “ ကျွန်တော်တို့တွေက မကြာခင်မှာ ကစားသမားသစ် တချို့ကို ရရှိတော့မှာပါ။ ဒီတော့ သတင်းကောင်းတွေ ကြားရတော့မယ်ပဲ ဆိုပါတော့” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။