လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက မကြာခင်မှာ ချယ်လ်ဆီးရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းကြီးနေတဲ့ ဂရေဟမ် ပေါ်တာကို ရာထူး ဆက်မြဲချင်ရင် နိုင်ပွဲတွေ မြန်မြန် ရအောင် ယူဖို့နဲ့ ကစားသမားတွေကို နွေးနွေးထွေးထွေး ဆက်ဆံပေးဖို့ အကြံပေးစကားတွေ ပြောကြားသွားခဲ့ပါတယ်။

စပိန်နိုင်ငံသား နည်းပြတဦး ဖြစ်သူ အာတီတာက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်ကို အကောင်းဆုံး ဦးဆောင်ထားနိုင်ပေမယ့် အာဆင်နယ်ဆီ ရောက်ရှိကာစမှာ လိုချင်တဲ့ ရလဒ်ကောင်းတွေ ရအောင် မယူနိုင်ခဲ့တာကြောင့် အသင်းကနေ ထုတ်ပယ်ခံရဖို့ နီးစပ်ခဲ့သူပါ။

Photo Credit: The Sun

ဒါပေမယ့် အာတီတာက အသင်းရဲ့ စီနီယာ ကစားသမားတွေကို စည်းရုံးကာ အကောင်းဆုံးပုံစံနဲ့ အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင် သူ့ရဲ့ အာဆင်နယ်က ဆယ်စုနှစ် ၂စုနီးပါး ဝေးကွာနေခဲ့ရတဲ့ အမှတ်ပေးချန်ပီယံဆုကို ပြန်လည် ရယူနိုင်ဖို့ အတွက် အတော်လေး အခြေအနေ ကောင်းနေခဲ့ပါတယ်။

တဖက်မှာတော့ ယခုနှစ် ဘောလုံးရာသီ အစကမှ ဘရိုက်တန် ကနေ ချယ်လ်ဆီးထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရေဟမ် ပေါ်တာက ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီး ချယ်လ်ဆီးနဲ့ နီးစပ်သူ တချို့ရဲ့ ပြောဆိုချက်အရ လာမယ့် ၂ပွဲမှာသာ ချယ်လ်ဆီးက အနိုင်ရလဒ်တွေ မရခဲ့ရင် ချယ်လ်ဆီးဘုတ်အဖွဲ့ဟာ ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်တော့မယ်လို့ သိထားရပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ အာဆင်နယ်နဲ့ အဲဗာတန် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တဦးက အာတီတာအား ဂရေဟမ် ပေါ်တာကို ပေးချင်တဲ့ အကြံဥာဏ်ကောင်းတွေ ရှိသလားလို့ မေးမြန်းခဲ့ပြီး အာတီတာက သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ကာ ဂရေဟမ် ပေါ်တာ တယောက် သင်ခန်းစာ ယူနိုင်မယ့် အချက်တွေကို ပြောပြသွားခဲ့ပါတယ်။

အာတီတာက – “ကျွန်တော့်ရဲ့ အမြင်ကို ပြောရရင် ချယ်လ်ဆီးက နည်းပြကို အတော်လေး ကူညီပေးတတ်တဲ့ အသင်းပါ။ ဒါပေမယ့် နည်းပြတယောက်ရဲ့ တာဝန်က အသင်းအတွက် ရလဒ်ကောင်းတွေ ရယူပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ရလဒ်တွေသာ မကောင်းရင် နည်းပြထိုင်ခုံ လှုပ်လာတာက သဘာဝပဲလို့ ပြောရပါမယ်။ ကျွန်တော့်တုန်းကလည်း နောဝှစ်ချ်နဲ့ ဘန်လေတို့ကို နိုင်မှ ရမယ် ဆိုတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရတာပါပဲ။ ကျွန်တော်က အဲ့ဒီအခြေအနေကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ချိန်မှာ အသင်းရဲ့ အခြေအနေက တိုးတက်လာတယ်။ ကစားသမားတွေကလည်း ယုံကြည်မှု မြင့်လာတယ်။ အသင်းရဲ့ ပတ်ဝန်းကျင်ကလည်း ကောင်းလာတယ်။ ဒါကြောင့် ကျွန်တော်တို့က ရလဒ်တွေ ကောင်းအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်က ရလဒ်ကောင်းလာအောင် ဘယ်လိုလုပ်ရမလဲလို့ အမြဲတမ်း တွေးဖြစ်ခဲ့ပါတယ်။ အသင်းကို ဘယ်လိုကောင်းအောင် လုပ်မလဲ။ ဘယ်ကစားသမားတွေကို ပေါင်းစပ် အသုံးပြုရင် အသင်းအတွက် အကျိုးဖြစ်ထွန်းမလဲ။ အသင်းအတွက် အကောင်းဆုံး ကစားသမား ၁၁ယောက်က ဘယ်သူတွေလဲ စတဲ့ အချက်တွေကို သိလာအောင် လုပ်ခဲ့ရပါတယ်။ တခါတလေ နည်းပြနဲ့ ကစားသမားတွေ ကြားထဲမှာ ယုံကြည်မှု ရှိဖို့လဲ လိုပါတယ်။ စပိန်နဲ့ အီတလီမြေတွေမှာ ကျွန်တော် ရခဲ့တဲ့ အတွေ့အကြုံတွေ အရ ကစားသမားတွေကသာ နည်းပြအပေါ် ယုံကြည်မှု ရှိနေရင် ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်နိုင်မယ် ဆိုတာ သိပါတယ်။ တခါတလေ ကစားသမားတွေဆီ ဖုန်းဆက်ပြောတာထက် စာတကြောင်းလောက် ရေးပို့လိုက်တာကလည်း ကောင်းတဲ့ အရာပါ” လို့ သူ့ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ကာ ဂရေဟမ် ပေါ်တာကို အကြံပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။