ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ အသင်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ကို ပထမပိုင်း အပြီးမှာပဲ လူစားလဲခဲ့ရတဲ့ အကြောင်းအရင်းကို ပွဲပြီးအင်တာဗျူးမှာ ရှင်းပြသွားခဲ့ပါတယ်။

အာတီတာရဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် မြောက်လန်ဒန်ပြိုင်ဘက် စပါးကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့တာကြောင့် ပွဲဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့သလို ကြည့်ကောင်းတဲ့ပွဲ တပွဲ ဖြစ်ခဲ့ပါတယ်။

Photo Credit: Football London

အာဆင်နယ်နဲ့ စပါးတို့ ပွဲစဉ်မှာ အိမ်ရှင် အာဆင်နယ်က ပရိသတ်အားပေးမှုနဲ့အတူ စပါးကို ဖိကစားဖို့ ကြိုးစားခဲ့ပြီး ဧည့်သည် စပါးကတော့ ခံစစ်ကို အထိုင်ချကာ ဆွန်ဟောင်မင် ၊ ကူလူဆက်စကီးနဲ့ ဂျွန်ဆင်တို့ရဲ့ လျင်မြန်တဲ့ ပြေးအားတွေနဲ့ အာဆင်နယ်ကို ဒုက္ခပေးဖို့ ကြံစည်ခဲ့ပါတယ်။

ပွဲချိန် ၂၆မိနစ်မှာတော့ အိမ်ရှင် အာဆင်နယ်တို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပြီး အာဆင်နယ် တောင်ပံတိုက်စစ် ကစားသမား ဆာကာရဲ့ ကန်ချက်ကို စပါးနောက်ခံလူ ရိုမဲရိုး တယောက် တားဆီးဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် အာဆင်နယ်က ပွဲကို ဦးဆောင်ခွင့် ရခဲ့တာပါ။ အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် စပါးက ဘောလုံးကိုင်ကာ အာဆင်နယ်ဘက်ကို တိုက်စစ်ဆင်မှုတွေ ပြန်လုပ်လာပြီး ပွဲချိန် ၄၂မိနစ်မှာတော့ ဆွန်ဟောင်မင်က မက်ဒီဆန်ရဲ့ လှပတဲ့ ပေးပို့မှု ကနေ စပါးအတွက် ချေပဂိုးကို ပြန်သွင်းပေးခဲ့ပါတယ်။

ပထမပိုင်းမှာ တဖက် တဂိုးစီ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက ပထမပိုင်းအပြီးမှာ လူစားလဲမှု ၂ခု လုပ်ခဲ့ပြီး ဒီကလန်ရိုက်စ်နဲ့ ဗီအဲရာတို့ရဲ့ နေရာတွေမှာ ဂျော်ဂျင်ဟိုနဲ့ ဟားဗက်ဇ်တို့ကို ထည့်သွင်း ကစားစေခဲ့တာပါ။ ပွဲချိန် ၅၄မိနစ်မှာ ဆာကာက ရိုမဲရိုးရဲ့ လက်ထိဘောကြောင့် ရလာတဲ့ ပင်နယ်တီကို အကောင်းဆုံး ကန်သွင်းကာ အာဆင်နယ် အတွက် နောက်ထပ် ဦးဆောင်ဂိုး တဂိုး ထပ်သွင်းပေးခဲ့ပေမယ့် နောက်ထပ် ၁မိနစ် အကြာမှာပဲ ဒီကလန်ရိုက်စ်ရဲ့ နေရာကို အစားဝင်လာတဲ့ ဂျော်ဂျင်ဟိုရဲ့ အမှားကနေ ဆွန်ဟောင်မင်က စပါးအတွက် ချေပဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Tribuna

အာဆင်နယ် ၂-၂ စပါး ပွဲအပြီးမှာတော့ အာဆင်နယ်ပရိသတ်တွေက ခြေစွမ်းပြနေတဲ့ ကွင်းလယ်ခံစစ် ကစားသမား ရိုက်စ်ကို ထုတ်ကာ အမှားအယွင်းတွေ လုပ်တတ်တဲ့ ဂျော်ဂျင်ဟိုကို ဘာကြောင့် ထည့်ကစားခဲ့တာလဲ ဆိုတဲ့ မေးခွန်းတွေ မေးနေကြပြီး အာတီတာကတော့ ရိုက်စ်ဟာ ကျောဒဏ်ရာ ရရှိသွားတာကြောင့် အခုလိုမျိုး ဂျော်ဂျင်ဟိုနဲ့ လူစားလဲခဲ့ရတာပါလို့ ဖြေရှင်းသွားခဲ့ပါတယ်။

အာတီတာက – “ရိုက်စ်က ကျောကုန်းနာကျင်မှု တချို့ကြောင့် မသက်မသာ ဖြစ်နေခဲ့တာပါ။ ပထမပိုင်း အပြီးမှာ သူက ကျွန်တော်တို့ကို သူ ခံစားရတာတွေ ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဆရာဝန်တွေကလည်း သူ့ကို လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပေးခဲ့ပါတယ်။ စစ်ဆေးချက်တွေအရ သူက ပွဲကို ဆက်မကစားနိုင်တော့တာ သိလို့ ကျွန်တော်တို့က သူ့ကို လူစားလဲခဲ့ရတာပါ။ ဒီဒဏ်ရာကြောင့် သူ အကြာကြီး မနားရဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာကို သေချာ စစ်ဆေးရပါမယ်။ ရိုက်စ်လို ကြံ့ခိုင်တဲ့ ကစားသမားမျိုးက မသက်မသာ ဖြစ်နေတယ်လို့ ပြောတာကို လျစ်လျူရှုလို့ မရပါဘူး။ သူ ဒီဒဏ်ရာကြောင့် အကြာကြီး မနားရဖို့ မျှော်လင့်မိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။