ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၀-၂ ဗီလာ ပွဲစဉ်မှာ ခြေစွမ်းပြနေတဲ့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကို ပွဲချိန် ၇၉မိနစ်မှာ လူစားလဲခဲ့တာဟာ နည်းစနစ်ပိုင်းဆိုင်ရာကြောင့် မဟုတ်ပဲ အိုဒီဂတ်မှာ ဒဏ်ရာတခု ရခဲ့တာကြောင့် ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရတဲ့ အာဆင်နယ်က ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃) အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ အက်စ်တွန်ဗီလာကို အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့ရပြီး နှစ်သင်းစလုံးက ရည်မှန်းချက် ကိုယ်စီအတွက် အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အနိုင်ရရှိရေး အတွက် ဦးတည် ကစားခဲ့ကြပါတယ်။

 

Photo Credit: Tribuna

အာဆင်နယ်က ကြားရက်မှာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲကို ကစားရဖို့ ရှိနေတာကြောင့် အာဆင်နယ်နည်းပြချုပ် အာတီတာဟာ ပွဲအစမှာတင် တိုက်စစ်အားသန် ကစားသမားတွေ ဖြစ်ကြတဲ့ ဆာကာ ၊ ဟားဗက်ဇ် ၊ ဂျေဇူး ၊ ထရော့ဆက်နဲ့ အိုဒီဂတ်တို့ ပါဝင်တဲ့ ကစားကွက် တခုကို ခင်းကျင်းလာခဲ့ပြီး ပထမပိုင်းမှာတင် အနိုင်ဂိုးတွေ သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

တဖက်မှာတော့ ဧည့်သည် ဗီလာက အဝေးကွင်းမှာ မနိုင်ရင်တောင် မရှုံးနိမ့်အောင် ခံစစ်ကို ဦးစားပေး ကစားခဲ့ပါတယ်။ ဗီလာရဲ့ မာကျော ကျစ်လျစ်တဲ့ ခံစစ်ကစားဟန်ကြောင့် အာဆင်နယ်က ပွဲချိန်ကြာလာတာနဲ့အမျှ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှာတော့ ဗီလာက တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် အနိုင်ဂိုး ၂ဂိုးကို သွင်းယူကာ အဝေးကွင်းမှာ အဖိုးတန်နိုင်ပွဲ ၁ပွဲ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Football London

အာဆင်နယ် ၀-၂ ဗီလာ ပွဲစဉ်မှာ အာဆင်နယ်က ပွဲချိန် ၈၀မိနစ် ဝန်းကျင် အထိ ဗီလာဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ခဲ့ပြီး အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် မရှိတော့ချိန်မှသာ ကစားပုံ အားနည်းလာကာ ပြိုင်ဘက်ကို ပေးဂိုးတွေ ခွင့်ပြုခဲ့ရတာပါ။ ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ ပရိသတ်တွေက အိုဒီဂတ်ကို စမစ်ရိုဝီနဲ့ လူစားလဲခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေကြပြီး အာတီတာကတော့ သူဟာ အိုဒီဂတ်ကို နည်းစနစ်ပိုင်းကြောင့် လူစားလဲခဲ့တာ မဟုတ်ပဲ ဒဏ်ရာပြဿနာကြောင့်သာ လူစားလဲခဲ့တာပါလို့ ရှင်းပြလာပါတယ်။

အာတီတာက – “မာတင် အိုဒီဂတ်ကို ဒုတိယပိုင်းမှာ လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်လား။ သူက နာကျင်မှု တချို့ကို ခံစားခဲ့ရပါတယ်။ သူက ပွဲကို ဆက်မကစားနိုင်တော့ ကျွန်တော်က သူ့ကို လူစားလဲခဲ့ရတာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်ရဲ့ ဆေးအဖွဲ့က အိုဒီဂတ်ရဲ့ ဒဏ်ရာကို စစ်ဆေးကာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ်။