MySport Myanmar

လိဂ်ချန်ပီယံဆုအတွက် ဘယ်တော့မှ လက်မလျှော့ဘူးလို့ ပြောလာတဲ့ အာတီတာ

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ဘယ်တော့မှ လက်မလျှော့ဘူးလို့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဘရိုက်တန်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လန်ဒန်မြို့ခံအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူနိုင်ခဲ့တာကြောင့် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အပြိုင် လုနေရပါတယ်။

Photo Credit: The Sun

လက်ရှိအချိန်မှာ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ပွဲ ၃၄ပွဲ ကစားပြီးချိန်မှာ ရမှတ် ၈၂မှတ် စုဆောင်းနိုင်ခဲ့တာကြောင့် အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်ပြီး အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်ပွဲ ၃၅ပွဲ ကစားပြီးချိန်မှာ ရမှတ် ၈၁မှတ် ရယူထားနိုင်တာကြောင့် အဆင့်(၂)နေရာမှာ ရှိနေပါတယ်။

မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ ကြားထဲမှာ ရမှတ် ၁မှတ်ပဲ ကွာဟနေပေမယ့် မန်ချက်စတာ စီးတီးက အာဆင်နယ်ထက် ၁ပွဲလျော့နေတာကြောင့် အာဆင်နယ်ဟာ ချန်ပီယံဆုကို ရယူချင်ရင် လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ကစားဖို့ လိုအပ်သလို မန်ချက်စတာ စီးတီးက ရလဒ်ဆိုးတွေ ကြုံတွေ့ဖို့လည်း ဆုတောင်းရမှာ ဖြစ်ပါတယ်။

Photo Credit: Express

ယနေ့ညမှာတော့ အာဆင်နယ်က ခြေစွမ်းတက်နေတဲ့ ဘရိုက်တန်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး အာဆင်နယ်နည်းပြ အာတီတာကတော့ သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ဘယ်တော့မှ လက်မလျော့ဘူးလို့ ဆိုလာခဲ့ပါတယ်။

အာတီတာက – “ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ဆက်ပြီး ဆက်ပြီး ဆက်ပြီး ကြိုးစားသွားပါမယ်။ ကျွန်တော်တို့သာ ဆက်ကြိုးစားသွားရင် ချန်ပီယံဆုက ကျွန်တော်တို့အတွက်လည်း ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့က ချန်ပီယံဆုကို ရမလား ၊ မရဘူးလား ဆိုတာကို အတိအကျ ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က လုပ်နိုင်သလောက် အကောင်းဆုံး လုပ်ပြီး ချန်ပီယံဆု အတွက် ဆက်ပြီး ကြိုးစားသွားရပါမယ်။ ကျွန်တော်တို့တွေ ဖြတ်ကျော်ရမယ့် အခက်အခဲတွေက ကြီးပေမယ့် ရလာမယ့် အောင်မြင်မှုကို တွေးကြည့်လိုက်တိုင်း စိတ်လှုပ်ရှားရပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

Exit mobile version