ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က ယမန်နေ့ညမှာ ယူရိုပါလိဂ် အုပ်စု စတုတ္ထပွဲ အဖြစ် ဘိုဒိုကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာမှာ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ဘူကာယို ဆာကာရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိပြီး နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ နောက်ထပ် ရမှတ် ၃မှတ်သာ စုဆောင်းနိုင်ဖို့ လိုအပ်ပါတော့တယ်။

 

ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်ကို အကောင်းဆုံး ဦးဆောင်ပေးထားတဲ့ အာတီတာက အုပ်စုအဆင့် ကနေ ခပ်မြန်မြန် လွတ်မြောက်နိုင်ရေး အတွက် ဘိုဒိုနဲ့ ပွဲမှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာကာ ၊ အိုဒီဂတ် ၊ ဆာလီယာ ၊ ဘန်ဝှိုက်နဲ့ တီယာနေးတို့ကို ပွဲစထဲက ထုတ်သုံးခဲ့ပြီး သူတို့အသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်နဲ့အတူ ဘိုဒိုရဲ့ ကစားကွက်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

Photo Credit: The Guardian

       ဒါပေမယ့် ဘိုဒိုကလည်း အာဆင်နယ်နဲ့ပွဲမှာ သရေရမှတ် ၁မှတ်သာ ရယူနိုင်ခဲ့ရင် နောက်တဆင့်ဆီ တက်ရောက်နိုင်မယ့် အခွင့်အရေးတွေ ရှိနေတာကြောင့် အိမ်ကွင်းမှာ ပရိသတ်အားနဲ့ အာဆင်နယ်ကို ဒုက္ခပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး ဘိုဒိုရဲ့ မာကျောတဲ့ ကစားဟန်ကြောင့်ပဲ အာဆင်နယ်က အဝေးကွင်းမှာ နိုင်ပွဲ တပွဲ ရရှိဖို့ အတွက် နောက်ဆုံးအချိန် အထိ ရုန်းကန်ခဲ့ရပါတယ်။

ဘိုဒို ၀-၁ အာဆင်နယ်ပွဲမှာ အာဆင်နယ် အတွက် တလုံးထဲသော အနိုင်ဂိုးကို ပွဲချိန် ၂၄မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား ဘူကာယို ဆာကာက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဘိုဒိုကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက သူတို့အသင်းဟာ နိုင်ပွဲရခဲ့ပေမယ့် တိုးတက်ဖို့ လိုအပ်နေသေးကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Guardian

       အာတီတာက – “နောက်ဆုံး ၁၄ပွဲဆက် အိမ်ကွင်းမှာ အနိုင်ရထားတဲ့ ဘိုဒိုလို အသင်းမျိုးကို အဝေးကွင်းမှာ အနိုင်ရခဲ့လို့ တကယ်ကို ပျော်ပါတယ်။ ဒီနေ့ညမှာ ကျွန်တော်တို့က ခက်ခဲတဲ့ ပွဲတပွဲကို ကစားရမယ် ဆိုတာ သိနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အသင်းရဲ့ လူစာရင်းမှာ အပြောင်းအလဲတွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် လူစာရင်း အပြောင်းအလဲတွေ ရှိခဲ့ပေမယ့် အနိုင်ရအောင် ကြိုးစားနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ အခုလို ခက်ခဲတဲ့ ပွဲတပွဲမှာ နိုင်ပွဲရဖို့ လိုအပ်တာတွေ လုပ်ဆောင်နိုင်ခဲ့တာက အသင်းအတွက်ရော ၊ ကျွန်တော့်အတွက်ပါ တကယ်ကို အပေါင်းလက္ခဏာ ဆောင်ခဲ့ပါတယ်။ ဘိုဒိုရဲ့ ကစားသမားတွေက အတော်လေးကို မြန်သလို အကူးအပြောင်းတွေ လုပ်တဲ့ နေရာမှာလည်း တော်ပါတယ်။ သူတို့က မမျှော်လင့်ထားတဲ့ အချိန်တွေမှာ ဘောလုံးတွေ ပေးပို့ရင်း ကျွန်တော်တို့ကို အံ့အားသင့်စေခဲ့ပါတယ်။ ဘောလုံးက မကြာခဏ ဆိုသလို လေထဲ ရောက်နေခဲ့လို့ ပွဲအရှိန်ကလည်း မြန်နေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က နိုင်ပွဲ ရခဲ့ပေမယ့် အပြည့်အဝ မပျော်သေးပါဘူး။ ကျွန်တော်တို့တွေ ဒီထက် ပိုပြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ်” လို့ ပြောဆိုသွားခဲ့တာပါ။