အာဆင်နယ်နည်းပြချုပ် မီခေးလ် အာတီတာက မန်ချက်စတာ စီးတီးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပျောက်ဆုံးခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းရဲ့တိုက်စစ်မှူးသစ် ဗစ်တာ ယော်ကယ်ရက်စ်ကို ကာကွယ်ပြောဆိုလိုက်ပါတယ်။ ပေါင် (၆၄)သန်းတန် တိုက်စစ်မှူးဟာ ပွဲစဉ်တစ်လျှောက်လုံးမှာ ကန်သွင်းခွင့် တစ်ကြိမ်တောင် မရရှိခဲ့တာကြောင့် ပရိသတ်တွေက သူ့ရဲ့စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အာလင်း ဟာလန်းရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက်မှာ လူစားဝင်ကစားသမား ဂါဘရီရယ် မာတင်နယ်လီရဲ့ နောက်ကျချေပဂိုးနဲ့သာ သရေတစ်မှတ် ရယူနိုင်ခဲ့တာပါ။ ယော်ကယ်ရက်စ်ဟာ ပွဲချိန်မိနစ် (၉၀)အပြည့် ကစားခဲ့ပေမယ့် ဘောလုံးထိချက် (၂၄)ကြိမ်သာ ရရှိခဲ့ပြီး ဒါဟာ ကွင်းထဲက တခြားကစားသမားအားလုံးထက် အနည်းဆုံးဖြစ်ခဲ့ပါတယ်။ သူဟာ ကန်သွင်းမှု (၀) ကြိမ်၊ ဘောလုံးဆွဲပြေးမှု (၀) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု (၁၃)ကြိမ်အထိ ဆုံးရှုံးခဲ့ကာ သူ့ရဲ့ဘောလုံးပေးပို့မှု တိကျမှုနှုန်းကလည်း (၆၂)%သာ ရှိခဲ့ပါတယ်။
Photo Credit : Goal
ဆွီဒင်တိုက်စစ်မှူးဟာ အာဆင်နယ်အတွက် သွင်းယူပေးထားတဲ့ (၃)ဂိုးစလုံးကို တန်းတက်ကလပ် လိဒ်စ် ယူနိုက်တက်နဲ့ ခြေစွမ်းမတည်ငြိမ်တဲ့ နော်တင်ဟမ် ဖောရက်စ်တို့ကိုပဲ ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းကြီးတွေနဲ့ တွေ့ဆုံရာမှာတော့ သူ့ရဲ့အစွမ်းအစကို ထုတ်ပြနိုင်ခြင်း မရှိသေးပါဘူး။
ဒါပေမဲ့ နည်းပြ အာတီတာကတော့ ယော်ကယ်ရက်စ်ကို ကာကွယ်ပြောဆိုခဲ့ပြီး အသင်းဖော်တွေအနေနဲ့ သူ့ရဲ့အားသာချက်တွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ ပိုမိုပံ့ပိုးပေးရမယ်လို့ ဆိုခဲ့ပါတယ်။ ယော်ကယ်ရက်စ်ရဲ့ ရုန်းကန်နေရမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အာတီတာက “ကောင်းပါပြီ၊ ဂိုးဧရိယာထဲကို ရောက်လာတဲ့ ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုတွေ အများကြီးရှိခဲ့ပါတယ်။ အထူးသဖြင့် စီးတီးနဲ့ပွဲက (၃)ကြိမ်လောက်ဆိုရင် သူ ဂိုးရဖို့ တကယ်ကို နီးစပ်ခဲ့တာကို ကျွန်တော်မှတ်မိတယ်။”
Photo Credit : Goal
“ပွင့်လင်းမြင်သာတဲ့ အခွင့်အရေးကြီးတွေ ရဖို့ဆိုတာ (စီးတီးလိုအသင်းနဲ့တွေ့ချိန်မှာ) အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ သူကတော့ အကောင်းဆုံးကြိုးစားနေတာ သေချာပါတယ်။ ကျွန်တော်တို့က သူ့အတွက် ပိုပြီးထောက်ပံ့ပေးဖို့ပဲ လိုအပ်တာပါ။” လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းကို အဝေးကွင်း သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာတော့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ပို့တ်ဗေးလ်အသင်းနဲ့ ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။
နည်းပြ အာတီတာက ဖလားပွဲမှာ ကစားသမားတွေကို အလှည့်ကျအနားပေးဖွယ်ရှိပေမယ့် လာမယ့် တနင်္ဂနွေနေ့မှာ နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းကို သွားရောက်ရင်ဆိုင်မယ့် ပရီးမီးယားလိဂ်ပွဲကြီးမှာတော့ ယော်ကယ်ရက်စ်ကို ပွဲထွက်ကစားသမားအဖြစ် ပြန်လည်မြင်တွေ့ရဖို့ ရှိနေပါတယ်။
