ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်ကို အနိုင်ရခဲ့လို့ ကျေနပ် ပျော်ရွှင်မိပေမယ့် နှစ်ဝါ တနီ ဖြစ်ကာ ထုတ်ပယ်ခံလိုက်ရတဲ့ တိုက်စစ်မှူး မာတီနယ်လီရဲ့ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ကွင်းလယ်ဒိုင် အိုလီဗာရဲ့ ဆုံးဖြတ်ချက်တွေကို နားမလည်နိုင်ဘူးလို့ ပြောရင်း အိုလီဗာကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဝုဗ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာမှာ အဓိက နောက်ခံလူ ဂါဘရီရယ်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ အဖိုးတန် နိုင်ပွဲတပွဲကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ နှစ်အတော်ကြာ မရခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည် ရယူဖို့ အားခဲထားတဲ့ အသင်းတသင်း ဖြစ်တာကြောင့် ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ ရမှတ်တွေ လျော့နေချိန်မှာ ယခုပွဲကို အနိုင်ယူလိုက်နိုင်တာက သူတို့အတွက် အဆင့်၄အတွင်း ဝင်ရောက်ခွင့် ရဖို့ ကြီးမားတဲ့ အားသာချက် တခုလည်း ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ ကံကောင်းခြင်းတွေနဲ့သာ ကြုံတွေ့ခဲ့ရတာ မဟုတ်ပဲ ကံဆိုးမှု အနည်းငယ်ကိုလည်း တွေ့ကြုံခဲ့ရပါသေးတယ်။ အာဆင်နယ်ရဲ့ ကံဆိုးမှုကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နေတဲ့ လူငယ် တိုက်စစ်မှူး မာတီနယ်လီ တယောက် နှစ်ဝါ တနီ ထိသွားခဲ့တာကြောင့် လာမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲကို လွဲချော်ရတော့မှာပါ။

မာတီနယ်လီဟာ ဝုဗ်တိုက်စစ်မှူး ပိုဒန့်စ် တယောက် လက်ပစ်ဘော ပစ်ဖို့ လုပ်နေတာကို တားဆီးရန် ကြိုးစားရာကနေ ပထမ တဝါ ထိသွားခဲ့တာ ဖြစ်ပြီး အဆိုပါဖြစ်ရပ် အပြီးမှာပဲ မာတီနယ်လီက ဝုဗ်နောက်ခံလူ ဆီမီဒိုကို အနောက်ကနေ ဖြတ်ထုတ်ဖို့ ကြိုးစားရာကနေ ဒုတိယ တဝါ ထပ်ထိသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

 

မာတီနယ်လီဟာ အဝါကတ် နှစ်ခုစလုံးကို တချိန်ထဲမှာတင် ပြသခံခဲ့ရတာကြောင့် အာဆင်နယ်နည်းပြ အာတီတာ ကတော့ သူဟာ ကွင်းလယ်ဒိုင် အိုလီဗာရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုမှ လက်မခံနိုင်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အာတီတာက – “ကျွန်တော် ဒီလိဂ်မှာ ရှိနေခဲ့တဲ့ ၁၈နှစ် အတွင်းမှာ ဒီလိုမျိုး အနီကတ်ကို အခုမှ ပထမဦးဆုံး မြင်တွေ့ဖူးတာပါ။ အခုလိုမျိုး အနီကတ်ပြ ထုတ်ပယ်လိုက်တာက ထုတ်ချင်လို့ ထုတ်လိုက်တာ ဆိုတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ (စည်းမျဉ်းတွေနဲ့ မညီဘူးလို့ ဆိုလိုတာပါ) ဒါပေမယ့် ဒီဖြစ်ရပ်က ပြီးသွားခဲ့ပါပြီ။ ဒီလိဂ်မှာ ကစားရင် ၁၀ယောက်ထဲ ကျန်တဲ့အခါ ကိုယ်လိုချင်တဲ့ ရမှတ်တွေ ရယူဖို့ ခက်ခဲတာကို ခင်ဗျားတို့လည်း သိကြပါတယ်။ ကျွန်တော်တို့တွေလည်း ဒီပွဲမှာ ရမှတ် ၃မှတ် ရအောင် ကြိုးစားဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အရိုးသားဆုံး ပြောရရင် ကျွန်တော်တို့က စည်းကမ်းပိုင်း သေဝပ်မှု အကောင်းဆုံး လူစာရင်း တခုကို ရထားပေမယ့် အနီကတ်တွေ ခဏခဏ ရနေတဲ့ အပေါ်မှာ ကစားသမားတွေကို အပြစ်တင်ဖို့ မလိုဘူးလို့ မြင်ပါတယ်။ ကျွန်တော်က ဒီရာသီမှာ ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သတ်ပြီး အတော်လေး မကျေမနပ် ဖြစ်မိပါတယ်။ ဒါကြောင့် ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေနဲ့ စကားပြောဖို့ လိုပါလိမ့်မယ်” လို့ အိုလီဗာရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်သွားခဲ့တာပါ။