အာဆင်နယ် နည်းပြ အာတီတာကတော့ ကွင်းလယ် ကစားသမားတွေ ဖြစ်ကြတဲ့ အိုဇေးလ် နဲ့ ဂွမ်ဒူဇီ၊ နောက်ခံ ကစားသမားတွေ ဖြစ်ကြတဲ့ ဆိုကရက်တီ နဲ့ မီလန်နိုင်းလ်တို့ကို ရောင်းထုတ်ပြီး ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ TheSun သတင်းက ဖော်ပြပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာတော့ နယ်သာလန်နိုင်ငံ အခြေစိုက် ဖီယင်နု (Feyenoord) အသင်းရဲ့ ကွင်းလယ် ဖန်တီးရှင် ကွက်ချူး (Kokcu) ကို ခေါ်ယူဖို့ ဆွေးနွေးနေပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်လာပြီး ပေါင် (၂၃) သန်းဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိပါတယ်။

Photo Credit: TheSun

အာဆင်နယ် နည်းပြ အာတီတာဟာ တစ်ပတ်မှာ ပေါင် (၃) သိန်းခွဲ ပေးနေရတဲ့ ကွင်းလယ်လူ အိုဇေးလ်ကို ရောင်းချင်နေပြီး ဂျာမနီ လက်ရွေးစင် ကစားသမားဟောင်း အိုဇေးလ်ဟာလည်း အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် (၁) နှစ်နီးပါးသာ ကျန်တော့တာပဲ ဖြစ်ပါတယ်။ နည်းပြ အာတီတာဟာ မန်စီးတီးအသင်းရဲ့ လက်ထောက်နည်းပြကနေ အာဆင်နယ်အသင်းရဲ့ အမြဲတမ်း နည်းပြ ဖြစ်လာတဲ့ အချိန်မှာ အာဆင်နယ် ကစားသမားတွေကို ပွဲထွက် ကစားခွင့်တန်းတူ ပေးခဲ့ပေမဲ့ အချို့ ကစားသမားတွေရဲ့ ခြေစွမ်းကိုတော့ မကြိုက်လျက် ရှိနေပါတယ်။

Photo Credit: TheSun

နည်းပြ အာတီတာဟာ အာဆင်နယ်အသင်းကို ပြန်လည် တည်ဆောက်ဖို့ ြပ်ဆင်ဆင်နေတာကြောင့် အသင်းရဲ့ ကစားသမားတွေကို ရောင်းထုတ်ချင်တာ ဖြစ်ပြီး လက်ရှိမှာ သူ့ရဲ့ နံပါတ်တစ်လို့ ပြောနိုင်တဲ့ ပစ်မှတ်ကတော့ လူငယ် ကွင်းလယ် ဖန်တီးရှင် ကွက်ချူးသာ ဖြစ်နေပါတယ်။ အာဆင်နယ်အသင်းဟာ နယ်သာလန် နိုင်ငံသား အသက် (၁၉) နှစ်အရွယ် ကွင်းလယ် ကစားသမား ကွက်ချူးကို ခေါ်ယူဖို့ (၁) နှစ်ကြာ လေ့လာ စောင့်ကြည့်မှုတွေကို ပြုလုပ်ခဲ့ပြီ ဖြစ်ပြီး ကွက်ချူးကို ခေါ်ယူဖို့ ဖီယင်နုအသင်းနဲ့လည်း ချိတ်ဆက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကွင်းလယ်လူ ကွက်ချူးဟာ ပြီးခဲ့တဲ့ ရာသီက ဧပြီလမှာ ဖီယင်နုအသင်းနဲ့ (၂၀၂၃) ခုနှစ် စာချုပ် ထပ်ချုပ်ခဲ့ပြီး လက်ရှိရာသီမှာ ပွဲစဉ် (၃၃) ပွဲ ကစားရာမှာ (၃) ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။