အာဆင်နယ် အသင်း အနေနဲ့ မနေ့ညက လန်ဒန် ဒါဘီ ပွဲစဉ်အဖြစ် ချယ်လ်ဆီး အသင်း ကို အိမ်ကွင်း အမ်းမရိတ်မှာ လာကာဇက်၊ ချာကာ နဲ့ ဆာခါ တို့ရဲ့ သွင်းဂိုးတွေ နဲ့ အတူ ၃ ဂိုး- ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အသင်းပရိတ်သတ်တွေကို ခရစ္စမတ်နောက်ကျ လက်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် အာဆင်နယ် အသင်းဟာ ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတဲ့ မှတ်တမ်းကို ချေဖျက်နိုင်ခဲ့သလို ရလဒ်ဆိုးတွေ အတွက် ဖိအားတွေ အကြီးအကျယ် ဝင်နေခဲ့တဲ့ နည်းပြနဲ့ အသင်းကစားသမားတွေ အတွက်လည်း အတော်လေး စိတ်သက်သာရာ ရခဲ့တယ်လို့ ဆိုရပါမယ်။ နည်းပြ အာတီတာကတော့ အခု နိုင်ပွဲ အတွက် အတော်လေး ပျော်ရွှင်နေခဲ့ပြီးတော့ ဒီ‌နေ့က အာဆင်နယ် အသင်း အတွက် နေ့ထူးနေ့မြတ်ပဲလို့တောင် တင်စားလိုက်ပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီး အသင်းအတွက်တော့ အေဘရာဟမ် က ပွဲကစားချိန် ၈၅ မိနစ်အရောက်မှာ နောက်ကျ ချေပဂိုး ပြန်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အချိန်ပို ၉၁ မိနစ်အရောက်မှာ ချယ်လ်ဆီး အသင်းဘက်က နောက်ထပ် အခွင့်အရေးအဖြစ် ဂျော်ဂျင်ဟိုက ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့်လည်း ဂိုးသမား လီနို လက်စွမ်းပြခဲ့တာကြောင့် သွင်းဂိုးတစ်ဂိုး အဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ အဆိုပါ နိုင်ပွဲကြောင့် အာဆင်နယ် အသင်း အနေနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာကို ယာယီ တက်လှမ်းထားနိုင်ခဲ့ပါတယ်။ အာတီတာ ကတော့ နိုင်ပွဲရခဲ့တာ နဲ့ ပတ်သက်ပြီး ပွဲအပြီးမှာ အခုလိုပဲ ဖွင့်ဟ လာခဲ့ပါတယ်။ “ သေချာတာပေါ့၊ ဒါက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ နိုင်ပွဲတစ်ပွဲဆိုတာ။ ကျွန်တော်တို့ အနေနဲ့ ခြေစွမ်းပိုင်းက အဲ့ဒီလောက် မဟုတ်ပဲ ရလဒ်နဲ့ ပတ်သက်ပြီး အတော်လေး စိတ်ပျက်ခဲ့ရပြီးတော့ ရုန်းကန်ခဲ့ရပါတယ်။ ကစားသမားတွေကလည်း ရလဒ်ဆိုးတွေ အတွက် ဖိအားတွေ ဝင်ခဲ့ရသလို အသင်းပရိသတ်တွေလည်း စိတ်ပျက်ခဲ့ရပါတယ် ”

Photo Credit: Sky Sports

“ ဒါပေမယ့် ဒီနေ့ကတော့ လုံးဝ ကို နေ့ထူးနေ့မြတ်ပါပဲ။ အမ်းမရိတ်ကွင်းမှာ boxing day အဖြစ် လန်ဒန်ဒါဘီ ဆင်နွှဲပြီး အနိုင်ရခဲ့တာလောက် ပိုကောင်းတဲ့ နေ့ ရှိမာ မဟုတ်တော့ပါဘူး။ ဒီနိုင်ပွဲက အသင်းရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးပြီးတော့ အသင်းအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာဖို့ အတွက်ကို မျှော်လင့်ပါတယ်။ သူတို့ ဒီအဆင့်မှာ ကစားနိုင်မယ်ဆိုတာကို ကျွန်တော် သိပါတယ်။ အဲ့ဒါက ကစားပွဲတစ်လျှောက်လုံးမှာ ဒီအဆင့်အတန်းကို ထိန်းထားနိုင်ဖို့ ကျွန်တော်တို့ ဘယ်လောက် တသမတ်တည်း ကျတယ် ဆိုတာ အပေါ်မူတည်ပါတယ်။ ကစားပွဲရဲ့ ပွဲချိန် ‌အတော်များများမှာ ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အနိုင်ရရှိခဲ့တာပါ။ ခင်ဗျား အနေနဲ့ ဒဏ်ရာရ ကစားသမား နဲ့ ကိုဗစ်ပိုး ကူးစက်ခံထားရတဲ့ ကစားသမား စုစုပေါင်း ၁၀ ယောက် လောက်နဲ့ ကစားပွဲတွေ အများကြီး ကစားရတဲ့ အခါကျရင် နိုင်ပွဲရဖို့ ငါတို့ဘာတွေလိုအပ်နေလဲ ဆိုပြီး စဉ်းစားမိပါလိမ့်မယ်။ ဒီနေ့ ပင်နယ်တီ ခွင့်ပြုပေးလိုက်ရတော့ ဒါက လုံးဝ မဖြစ်နိုင်ဘူးလို့ ကျွန်တော် တွေးနေခဲ့မိတယ်။ ကစားသမားတွေ အနေနဲ့ အကောင်းဆုံး စွမ်းဆောင်ရည် စိုက်ထုတ်ပြီး အသင်းပရိသတ်တွေကို တစ်ခုခု ပြန်ပေးနိုင်တဲ့ အတွက် ပျော်မိပါတယ်။ ဘာလို့လဲဆိုရင် သူတို့ ဘယ်လောက် စိတ်ပျက်နေလဲဆိုတာကို ကျွန်တော်‌ တွေးကြည့်နိုင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။