တနင်္ဂနွေနေ့ ဒီကနေ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ် မတိုင်မီ အာဆင်နယ် နည်းပြ မီခယ်လ် အာတီတာက ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် ပြိုင်ဘက်တွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။
အာတီတာက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက်အသင်းကို ချီးကျူးခဲ့ပြီး ချယ်လ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာရဲ့ ကစားပုံကို ချီးကျူးကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလမှာ လီဗာပူးလ်နဲ့ နှစ်မှတ်အကွာထိ ရောက်ရှိပြီးကတည်းက ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး (၁၂)ပွဲမှာတော့ (၄)ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။
Photo Credit : Opta Analyst
အာဆင်နယ်အသင်းဟာလည်း အခုဆိုရင် လီဗာပူးလ်နဲ့ (၁၅)မှတ်အကွာထိ ရောက်ရှိသွားခဲ့ပြီဖြစ်လို့ ဆုဖလား မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက်ကိုသာ သူတို့ရဲ့ လိဂ်အဆင့်တွေကို ခိုင်မာအောင် လုပ်ဆောင်သွားရပါတော့မယ်။ လက်ရှိ အနေအထားအရ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး (၅)သင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ဖို့ အခြေအနေကောင်းလို့နေပါတယ်။
လန်ဒန်ဒါဘီပွဲမတိုင်ခင် အာတီတာက “ရာသီကြိုမှာ သူတို့ ကစားတာကို ကျွန်တော် ကြည့်တဲ့အချိန်ကစပြီး အန်ဇို ဘယ်လိုအလုပ်လုပ်လဲဆိုတာကို နားလည်ပြီး သူတို့ရဲ့ လူစာရင်းမှာလည်း အရည်အချင်းတွေ ရှိနေတာကြောင့် သူတို့က အစကတည်းက ချန်ပီယံဆုအတွက် ပြိုင်ဘက်တွေ ဖြစ်ခဲ့ပါတယ်။”
Photo Credit : Premier League
“သူတို့မှာ အများကြီး ရှိတယ်။ အရာအားလုံး ပေါင်းစည်းပြီး အဲဒီ ချိတ်ဆက်မှု စွမ်းအင်နဲ့ တည်ငြိမ်မှုကို ရှာတွေ့တဲ့ အချိန်မှာ သူတို့က ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။ အန်ဇိုက ထူးချွန်တဲ့ နည်းပြတစ်ယောက်ပါ။ သူ ဘာလုပ်ချင်လဲဆိုတာ အရမ်းရှင်းတယ်။ သူ ဘာလုပ်ချင်တယ် ဘယ်လိုလုပ်မယ်ဆိုတာ အရမ်းရှင်းရှင်းလင်းလင်း ပြခဲ့တယ်။ သူ့အသင်းရဲ့ ကစားပုံကို ကျွန်တော် တကယ်သဘောကျတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
ဒီနှစ်သင်းက ဒီရာသီထဲ စတန်းဖို့ဒ်ဘရစ်ချ်မှာ တွေ့ဆုံခဲ့တုန်းကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပြီး အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်ဒ်မှာ နောက်ဆုံး တွေ့ဆုံထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း (၅)ပွဲမှာတော့ အာဆင်နယ်က (၃)ပွဲနိုင် ချယ်လ်ဆီးက (၂)ပွဲနိုင်ထားခဲ့ပါတယ်။