ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာ ကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၄အတွင်း ဝင်ရောက်နိုင်ပြီး လာမယ့် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

၂၀၀၀ခုနှစ် အစောပိုင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း အဖြစ် သတ်မှတ်ခံရတဲ့ အထိ အောင်မြင်မှုပေါင်း များစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ အသင်းရဲ့ သက်တော်ရှည် နည်းပြကြီး အာစင်ဝင်းဂါးကို လက်လွှတ်လိုက်ရပြီးနောက် ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ ရုန်းကန်လာရပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း ဥရောပပြိုင်ပွဲတွေကို ဝင်ရောက်ခွင့် မရထားပါဘူး။

Photo Credit: Sky Sports

ဒါကြောင့်ပဲ အာဆင်နယ် ပရိသတ်တွေက အသင်းအနေနဲ့ ဥရောပရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲတခု ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရအောင် ကြိုးပမ်းဖို့ တိုက်တွန်းနေကြပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိနိုင်တဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်ထားပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၃) ပြီးဆုံးသွားချိန်မှာ အဆင့်၆နေရာကို ရောက်ရှိနေပေမယ့် ပွဲကျန် ၂ပွဲ ကစားဖို့ ကျန်နေသေးပြီး အဆိုပါ ၂ပွဲစလုံးကိုသာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားရဲ့ အဆင့်၄နေရာကို လွတ်လွတ်ကျွတ်ကျွတ် သိမ်းပိုက်နိုင်ဖို့ ရှိပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက အသင်းအနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရမယ်လို့ ယုံကြည်နေကြပြီး အာဆင်နယ်နည်းပြ အာတီတာကလည်း သူတို့အသင်းဟာ ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရစေရမယ်လို့ ပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။

အာတီတာက – “ကျွန်တော်တို့အသင်းက လိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံ လူစာရင်းကို ပိုင်ဆိုင်ထားတာဟာ တိုက်ဆိုင်မှု တခု မဟုတ်ပါဘူး။ ကျွန်တော်တို့က အရင်တုန်းကလို အောင်မြင်မှုတွေကို ပြန်လည် ရယူနိုင်ဖို့ မျိုးဆက်တခုကို တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းမှာ အောင်မြင်မှုတွေကို ဆာလောင်တဲ့ စိတ်ဓာတ်မျိုး ပြည့်ဝနေသလို ကိုယ်မှန်းထားတဲ့ အောင်မြင်မှုတွေကို ရောက်ရှိအောင် ကူညီပေးနိုင်မယ့် အရည်အချင်းနဲ့ အတွေ့အကြုံတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က ရှေ့လျှောက် တိုးတက်လာဖို့ပဲ မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့က ရာသီကုန်ရင် ဘယ်လိုနေရာမျိုးဆီ ရောက်ချင်လဲ ဆိုတာကို တိတိကျကျ သိထားတယ်။ (အဆင့်၄အတွင်း ဝင်ရောက်ခွင့် ရဖို့ကို ရည်ရွယ်လျက်) ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်က အနည်းငယ် မြင့်မားနေပေမယ့် ဖြစ်နိုင်ချေတော့ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒုတိယရာသီဝက် အတွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရနိုင်မယ်လို့ ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။