ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ အရေးနိမ့်ခဲ့ အပြီးမှာတော့ စပါးအသင်း သွင်းယူသွားတဲ့ ဒုတိယ ဦးဆောင်ဂိုးအတွက် ဒဏ်ရာ ရသွားတာကို ဒိုင်လူကြီးအား မပြောပဲ ကွင်းဘေးကို ထွက်လာခဲ့တဲ့ ကွင်းလယ်လူ ပါတေးအား အပြစ်တင် သွားခဲ့ပါတယ်။ စပါးအသင်းနဲ့ အာဆင်နယ် အသင်းတို့ရဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ်ဟာ ပရီးမီးယားလိဂ်ရဲ့ အပြင်းထန်ဆုံး ဒါဘီတွေထဲက တစ်ခု ဖြစ်ပေမယ့် ယမန်နေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် စပါးအသင်းက ခြေစွမ်းပိုင်း အသာစီး ရယူ နိုင်ခဲ့ကာ အာဆင်နယ် အသင်းကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်မှာ စပါးအသင်းအတွက် သွင်းဂိုးတွေ သွင်းယူပေးခဲ့ကြတဲ့ ကစားသမားတွေ ကတော့ အဓိက တိုက်စစ် အတွဲအဖက် ဖြစ်တဲ့ ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်းတို့ ဖြစ်ကြပြီး ဆွန်ဟောင်မင်ဟာ ပွဲကစားချိန် ၁၃မိနစ်မှာ ဗွေဆော်ဦး သွင်းဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ကာ ပွဲကစားချိန် ၄၆မိနစ် မှာတော့ ဟယ်ရီကိန်း က တန်ပြန်တိုက်စစ် ကနေ တဆင့် ဒုတိယ အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တာပါ။ စပါးအသင်း သွင်းယူခဲ့တဲ့ ဒုတိယ အနိုင်ဂိုးနဲ့ ပတ်သတ်ပြီး ပြောစရာ ဖြစ်ခဲ့တဲ့ တစ်ချက်ကတော့ အဆိုပါဂိုး သွင်းယူဖို့ စပါးအသင်းက တန်ပြန်တိုက်စစ် စတင်နေတဲ့ အချိန်မှာ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်လူ ပါတေးဟာ ကွင်းလယ်နား မှာ နေရာယူထားရာ ကနေ ဒဏ်ရာ ရရှိခဲ့တာကြောင့် ကွင်းဘေးစည်းကို သွားခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ ပါတေး တစ်ယောက် ဒဏ်ရာ ရသွားတာကြောင့်ပဲ စပါးအသင်းဟာ လွတ်လွတ်လပ်လပ် တိုက်စစ်ဆင်ခွင့် ရရှိသွားတာလို့ ပြောရင်လည်း မမှားပါဘူး။

Photo Credit: Express

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ အာတီတာက ကွင်းထဲမှာ ဆက်မနေပဲ ကွင်းအပြင်ကို ထွက်ဖို့ ကြိုးစားခဲ့တဲ့ ပါတေးကို အနည်းငယ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာတီတာက “သူက ဒဏ်ရာ ရရှိသွားတာပါ။ အရင်က ဒဏ်ရာရခဲ့တဲ့ နေရာမှာပဲ ပြန်ပြီး ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။ တကယ်ကို ကံမကောင်းခဲ့တာပါပဲ။ ကျွန်တော်က သူ့ကို ဆက်ပြီး ပွဲကစားဖို့ တွန်းအား ပေးခဲ့ပါသေးတယ်။ သူရဲ့ နေရာကနေ သူ ထွက်လာတဲ့ အချိန်မှာ ပွဲရဲ့ အခြေအနေကို သူ နားလည် သဘောပေါက်တယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ သူက အရမ်းကို နာကျင်လာလို့ အခုလို လုပ်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီ ဖြစ်ရပ်ကို ကျွန်တော်တို့တွေ မဖြေရှင်းနိုင်ခဲ့ပါဘူး။ အဖြစ်အပျက်က အရမ်းကို မြန်လွန်းခဲ့ပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။