ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ အာတီတာကတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ နောက်ခံလူ ဘန်ဝှိုက်ကို အင်္ဂလန်လူစာရင်း ကနေ ချန်လှပ်ခဲ့မယ့် အစား ရွေးချယ်ခဲ့သင့်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် နောက်ခံလူ ဘန်ဝှိုက်က ဗဟိုနောက်ခံနေရာနဲ့ ညာနောက်ခံနေရာတွေမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ်လူ အဖြစ်ပါ ကစားနိုင်သူပါ။

Photo Credit: Mirror

ဒါကြောင့်ပဲ ဘန်ဝှိုက်က ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ဗဟိုနောက်ခံလူ တဦး အဖြစ်ရော ၊ ညာနောက်ခံလူ တဦး အဖြစ်ပါ ကစားပေးထားပြီး ခြေစွမ်းကောင်းတွေလည်း ပြသထားနိုင်တာကြောင့် အာဆင်နယ်နဲ့ နီးစပ်သူတွေက ဘန်ဝှိုက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းမှာ ပါဝင် ကစားခွင့် ရလိမ့်မယ်လို့ ထင်မှတ်ထားကြပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဘန်ဝှိုက်ကို သူ့အသင်းမှာ နေရာပေးဖို့ ထည့်သွင်း စဉ်းစားထားခြင်း မရှိသလို အီတလီ ၊ ဂျာမဏီတို့နဲ့ ကစားရမယ့် နေးရှင်းလိဂ် အုပ်စုပွဲစဉ်တွေ အတွက် ဘန်ဝှိုက်အစား သူ ယုံကြည်တဲ့ မန်ချက်စတာ ယူနိုက်တက် ဗဟိုနောက်ခံလူ မက်ဂွိုင်းယားကိုပဲ ခေါ်ယူသွားခဲ့ပါတယ်။

 

Photo Credit: Mirror

အာဆင်နယ်နည်းပြ အာတီတာကတော့ သူဟာ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ဘာမှ မှတ်ချက်မပေးလိုပေမယ့် နည်းပြတိုင်းက ဘန်ဝှိုက်လို နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားကို သူတို့အသင်းမှာ ရှိစေချင်သလို ဘန်ဝှိုက်ရဲ့ ခြေစွမ်းကလည်း အင်္ဂလန်မှာ ပါဝင် ကစားခွင့် ရဖို့ ထိုက်တန်ကြောင်း ပြောကြားသွားပါတယ်။

အာတီတာက – “ဘန်ဝှိုက်က ဗဟိုနောက်ခံနေရာမှာရော ၊ ညာနောက်ခံနေရာမှာပါ ကစားနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် သူက အင်္ဂလန်အတွက် တခါတလေမှပဲ အရွေးခံနေရပါတယ်။ ကျွန်တော့်ရဲ့ အမြင်မှာတော့ နည်းပြတိုင်းက ဘန်ဝှိုက်လို ဗဟိုခံစစ်မှာရော ၊ နောက်ခံအစွန်တွေမှာပါ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားမျိုးကို လိုချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ဘာမဆို ဖြစ်လာနိုင်တဲ့ ပြိုင်ပွဲကြီးတွေမျိုးမှာပေါ့။ ဘန်ဝှိုက်ကို မရွေးခဲ့တာကတော့ ဆောက်ဂိတ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေ လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော် ဒီနေရာကနေ ပြောနိုင်တာကတော့ ဘန်ဝှိုက်ဟာ သူ့ကို ရွေးလိုက်တဲ့ အချိန်တိုင်းမှာ ကစားပေးဖို့ အဆင်သင့် ဖြစ်နေတယ် ဆိုတာပါပဲ။ ဆောက်ဂိတ်ကတော့ သူ့ရဲ့ စိတ်ကူးထဲမှာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်တဲ့ လူစာရင်းကို ရွေးခဲ့တယ်လို့ပဲ မြင်ပါတယ်။ ဒါပေမယ့် ဒီတခေါက်မှာ မပါဝင်နိုင်လို့ ဘန်ဝှိုက်က နိုဝင်ဘာလ (ကမ္ဘာ့ဖလားပြိုင်ပွဲ) အတွက် အရွေးမခံရဘူး ဆိုတာမျိုး မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ကတော့ ဘန်ဝှိုက်ကို အတတ်နိုင်ဆုံး ကူညီဖို့ ကြိုးစားနေကြပါတယ်။ ပြီးတော့ ကျွန်တော့်အမြင်မှာ ဘန်ဝှိုက်က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတသင်း အတွက် ရွေးချယ်ခံရသင့်တဲ့ ကစားသမားပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။