အာဆင်နယ်အသင်းက သူတို့ရဲ့နည်းပြ မီခယ်အာတီတာကို တစ်နှစ်လုပ်ခ ပေါင်(၈.၃)သန်းနဲ့ စာချုပ်သစ် ချုပ်ဆိုသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပီးနောက်မှာ သတင်းထွက်နေသလို အာတီတာက တစ်နှစ် ပေါင်(၈.၃)သန်းသာ ရရှိမယ်ဆိုရင်တော့ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နည်းပြအယောက်(၂၀)ထဲကမှ ပဥ္စမမြောက် ဝင်ငွေအကောင်းဆုံးနည်းပြတစ်ဦးပါ ဖြစ်လာပါလိမ့်မယ်။

Photo Credit : Arsenal

လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တစ်နှစ်ဝင်ငွေ အကောင်းဆုံးနည်းပြကတော့ မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာဖြစ်ပြီးတော့ တစ်နှစ်ကို ပေါင်(၁၉)သန်းအထိ ရရှိနေတာဖြစ်ပြီး သူရဲ့နောက်မှာ လီဗာပူးလ်အသင်းနည်းပြကြီး ယာဂင်ကလော့ပ်က ပေါင်(၁၆)သန်းနဲ့ ဒုတိယနေရာမှာ ရှိလို့နေပါတယ်။ စပါးအသင်းရဲ့ နည်းပြ အန်တိုနီယိုကွန်တီကလည်း တစ်နှစ်လုပ်ခ ပေါင်(၁၅)သန်းနဲ့ တတိယနေရာမှာ ရှိနေသလို လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်က ပေါင်(၁၀)သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ အခု အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးကို အသင်းနဲ့ လမ်းမခွဲခင် နှစ်ပိုင်းအတွင်းမှာ ပေးချေဖူးတဲ့ တစ်နှစ်လုပ်ခ ပမာဏအတိုင်းနဲ့ လက်ရှိနည်းပြ အာတီတာကို ပေးချေသွားဖို့ ရှိနေတဲ့အတွက် ဒီလိုသာ ပေးချေဖြစ်မယ်ဆိုရင်တော့ အာတီတာဟာ ပရီးမီးယားလိဂ်ရဲ့ ပဥ္စမမြောက် ဝင်ငွေအကောင်းဆုံး နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံရတော့မှာ ဖြစ်ပါတယ်။ အာတီတာက လက်ရှိမှာ တစ်နှစ်လုပ်ခအဖြစ် ပေါင်(၅)သန်းသာ ရရှိနေတာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ချယ်လ်ဆီးအသင်းကို မနှစ်က ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့တဲ့ ဂျာမနီလူမျိုးနည်းပြ သောမတ်စ်တူဟယ်လ်ကတော့ တစ်နှစ်လုပ်ခ ပေါင်(၇)သန်းနဲ့ အဆင့်(၈)နေရာမှာ ရပ်တည်နေပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြ ရန်းနစ်နဲ့ လိဒ်စ်ရဲ့ ဝါရင့်နည်းပြကြီး ဘီယယ်ဆာတို့ကတော့ တစ်နှစ်ကို ပေါင်(၈)သန်းဆီ ရရှိနေကြပါတယ်။ နာမည်ကျော် ဘောလုံးသမားဟောင်းနှစ်ဦးဖြစ်တဲ့ စတီဗင်ဂျရတ်နဲ့ ဖရန့်လမ်းပတ်တို့ကတော့ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ တစ်နှစ်ကို ပေါင်(၅)သန်းဆီ ရရှိနေကြသလို ဝက်စ်ဟမ်းအသင်းကို ဥရောပဝင်ခွင့် ရရှိအောင် စွမ်းဆောင်နေတဲ့ နည်းပြကြီး ဒေးဗစ်မွိုက်စ်လည်း တစ်နှစ် ပေါင်(၅)သန်းသာ ရရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ဝင်ငွေအနည်းဆုံး နည်းပြကတော့ နောဝစ်ချ်နည်းပြ ဒင်းစမစ်နဲ့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်တို့ဖြစ်ပြီး တစ်နှစ်ကို ပေါင်(၁.၅)သန်းသာ ရရှိနေပါတယ်။