ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတွေထဲက တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီ ဖြစ်ကြောင်း ဖွင့်ဟလာပါတယ်။ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီ ပထမရာသီဝက် ကာလမှာ ရလဒ်တွေ ဆိုးဝါးခဲ့တဲ့ အသင်းတသင်း ဖြစ်ပြီး အာတီတာကိုယ်တိုင် သူ့ရဲ့ ရာထူးကနေ နုတ်ထွက်ရလုနီးပါး အခြေအနေအထိ ပရိသတ်တွေရဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: Mirror

ဒါပေမယ့် အာတီတာဟာ အာဆင်နယ်အသင်း ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို အပြည့်အဝ ရရှိထားတာကြောင့် အသင်းကို သူစိတ်တိုင်းကျ ပြုပြင်ပြောင်းလဲခွင့် ရခဲ့ကာ ဇန်နဝါရီလမှ စတင်ပြီး အာဆင်နယ်အသင်းရဲ့ ရလဒ်ပိုင်းဟာ ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ စပိန်ကလပ် ဗီလာရီးရဲလ်အသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ၁၉၉၅ခုနှစ် နောက်ပိုင်း ပထမဦးဆုံးအကြိမ် အဖြစ် ဥရောပပြိုင်ပွဲဝင်ခွင့် မရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲဆက် အနိုင်ရခဲ့တာကြောင့် လာမယ့်ရာသီမှာ ကျင်းပမယ့် ပြိုင်ပွဲသစ် ဖြစ်တဲ့ ယူရိုပါ ကွန်းဖရန့်ပြိုင်ပွဲရဲ့ ခြေစစ်ပွဲအဆင့်ကို တက်ရောက်နိုင်မယ့် အဆင့် ၇နေရာနဲ့ ၁မှတ်သာ ကွာဟတဲ့ အနေအထားကို ရောက်ခဲ့ပါတယ်။

Photo Credit: Mirror

လက်ရှိမှာ အဆင့် ၇နေရာ အတွက် စပါးအသင်း ၊ အဲဗာတန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ အပြိုင်အဆိုင် ဖြစ်နေတာ ဖြစ်ပြီး စပါးအသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ပွဲစဉ် ၃၈မှာ လက်စတာအသင်း ၊ မန်စီးတီးအသင်းတို့ကို အဝေးကွင်းတွေမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်တာကြောင့် ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် အာဆင်နယ်အသင်းမှာ ကြီးမားတဲ့ အခွင့်အရေး ရှိနေပါတယ်။ အသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ အကြောင်းကို အာတီတာက – “တကယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ ကျွန်တော်တို့ ရောက်နေတဲ့ အဆင့်ကနေ ယူရိုပါပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရတဲ့ အဆင့်ဆီ ရောက်လိမ့်မယ်လို့ တစုံတယောက်က ပြောလာရင် သူဟာ ရူးနေတယ်လို့ အပြောခံရမှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းအတွင်း ကျွန်တော်တို့ ရခဲ့တဲ့ ရလဒ်တွေ ၊ များပြားတဲ့ ရမှတ်တွေကြောင့် ကျွန်တော်တို့က ယူရိုပါပြိုင်ပွဲကို ဝင်ရောက်နိုင်မယ့် အနေအထားကို ရောက်နေပါပြီ။ အခုချိန်က နောက်ဆုံးပွဲစဉ်ကို အာရုံစိုက်ရတော့မှာ ဖြစ်ပြီး ကံမကောင်းတာက ကျွန်တော်တို့ဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့် မရှိပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။