ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဗီလာအသင်းကို ပွဲစ ပွဲဆုံး ဖိအားပေး ကစားကာ ဂိုးပြတ်နိုင်ခဲ့တာကြောင့် ပျော်ရွှင်နေပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက်တိုက် သရေရလဒ်တွေသာ ရရှိခဲ့တာကြောင့် နိုင်ပွဲတွေ ရရှိဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ဗီလာအသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံကစားခဲ့ရာမှာတော့ အသင်းရဲ့ လူငယ်ကြယ်ပွင့် စမစ်ရိုဝီရဲ့ ခြေစွမ်းကောင်းတွေနဲ့ အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ စမစ်ရိုဝီဟာ ၁ဂိုးသွင်း ၊ ၁ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး အာဆင်နယ်အသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၂၃မိနစ်မှာ ပါတေး ၊ ပွဲကစားချိန် ၄၅+၆ မိနစ်မှာ အူဘာမီယန်းနဲ့ ပွဲကစားချိန် ၅၆မိနစ်မှာ စမစ်ရိုဝီတို့က သွင်းယူပေးခဲ့ကာ ဗီလာအသင်း အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲကစားချိန် ၈၂မိနစ်မှာ ကွင်းလယ်လူ ရမ်ဆေးက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဗီလာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းဟာ အပိုအလို မရှိခဲ့ပဲ ယခုနှစ် ဘောလုံးရာသီရဲ့ အကောင်းဆုံး ခြေစွမ်း အဖြစ် သတ်မှတ်လို့ရပြီး အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကလည်း ဗီလာနဲ့ပွဲက ခြေစွမ်းဟာ သူ မြင်ချင်တဲ့ အာဆင်နယ်အသင်းရဲ့ ပုံစံပါလို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Standard

အာတီတာက – “ ကျွန်တော်တို့ရဲ့ ပွဲကို စတင်ခဲ့ပုံနဲ့ တောက်လျှောက် ကစားခဲ့တဲ့ ပုံစံက အရမ်းကို ကောင်းပါတယ်။ ကျွန်တော်တို့က သူတို့ကို အဆက်မပြတ် တိုက်စစ်ဆင် ကစားခဲ့ပြီး ဘောလုံးတွေ ယှဉ်လုတိုင်း ကျွန်တော်တို့ အသာစီးရခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ သူတို့ကို အဆက်မပြတ် ခြိမ်းခြောက်နိုင်ခဲ့တယ်။ ကျွန်တော်ရဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူမိပါတယ်။ သူတို့ ကစားသွားတာက တကယ်ကို ကောင်းလွန်းတာပါ။ ဒါကပဲ ကျွန်တော် မြင်ချင်တဲ့ ကစားပုံပါ။ ဒါက ကျွန်တော်တို့ရဲ့ ပုံစံကောင်းပါ” လို့ ဖွင့်ဟခဲ့တာပဲ ဖြစ်ပါတယ်။