ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၆)မှာ ဘရိုက်တန်ကို အိမ်ကွင်း အမ်းမရိတ်မှာပဲ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ခြေပြတ် ၊ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ ပရိသတ်တွေကို ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လုနေရတဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ချင်ရင် လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ကစားဖို့ လိုအပ်ပေမယ့် ယမန်နေ့ညမှာတော့ ဘရိုက်တန်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Squawka

အာဆင်နယ်က ချန်ပီယံဆု အတွက် ဦးတည်ကာ ကြိုးစားနေသလို ဘရိုက်တန်ကလည်း ဥရောပဝင်ခွင့် ရဖို့ အတွက် နိုင်ပွဲတွေ လိုအပ်နေတာကြောင့် အာဆင်နယ်နဲ့ ဘရိုက်တန် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ နိုင်ပွဲ ရဖို့ ကြိုးစားခဲ့ကြပြီး ဧည့်သည် ဘရိုက်တန်က အိမ်ရှင် အာဆင်နယ်ဘက်ကို ပွဲစပွဲဆုံး တရစပ် တိုက်စစ်ဖွင့် ကစားသွားခဲ့ပါတယ်။

အာဆင်နယ်က အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာလီဘာ ၊ ဇင်ချန်ကို စတဲ့ ကစားသမားတွေကို ဒဏ်ရာပြဿနာတွေကြောင့် လက်လွှတ်ထားရသလို နောက်ထပ် အဓိက ကစားသမား တဦး ဖြစ်တဲ့ မာတီနယ်လီကိုလည်း ပွဲအစပိုင်းမှာတင် ဒဏ်ရာပြဿနာကြောင့် လူစားလဲခဲ့ရလို့ အိမ်ကွင်းမှာ ကစားရတဲ့ပွဲ ဖြစ်ပေမယ့် ဘရိုက်တန်ကို တန်ပြန်တိုက်စစ်နဲ့သာ တုံ့ပြန် ကစားခဲ့ရပြီး အာဆင်နယ်ရဲ့ တိုက်စစ်ဆင်မှုတွေဟာ ဘရိုက်တန် အတွက် ခြိမ်းခြောက်မှုတွေ မဖြစ်ခဲ့ပါဘူး။

Photo Credit: Standard

ဘရိုက်တန် အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၅၁မိနစ်မှာ ကွင်းလယ်တိုက်စစ် ကစားသမား အန်စီဆို ၊ ပွဲချိန် ၈၆မိနစ်မှာ လူစားဝင် တိုက်စစ်မှူး အန်ဒဗ်နဲ့ ပွဲချိန် ၉၀+၆မိနစ်မှာ ဘယ်နောက်ခံလူ အူစတူပီနန်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အာဆင်နယ် ၀-၃ ဘရိုက်တန် ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက ဂိုးပြတ်ရှုံးပွဲ အတွက် အသင်းပရိသတ်တွေကို ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။

အာတီတာက – “ဒီနေ့မှာ ကျွန်တော်တို့က ကိုယ်နဲ့ မတူတဲ့ ခံစားချက်မျိုးတွေ ခံစားနေရပါတယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ အပတ်မှာ နယူးကာဆယ်မြို့ အထိ သွားပြီး နိုင်ပွဲ ရယူနိုင်ခဲ့လို့ ဂုဏ်ယူနိုင်ခဲ့သလို ကျွန်တော်တို့အသင်းက လိုအပ်တဲ့ အချိန်မှာ နိုင်ပွဲတွေ ရယူနိုင်တယ် ဆိုတဲ့ ခံစားချက်မျိုးလည်း ရခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ အဲ့ဒီ ခံစားချက်နဲ့ ဆန့်ကျင်ဘက် ခံစားချက်ကို ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့က ပရိသတ်တွေကို ဒီနေ့ရှုံးပွဲ အတွက် ပြန်လည် တောင်းပန်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ဒုတိယပိုင်း ကစားပုံအတွက်ပေါ့။ ကျွန်တော်တို့ရဲ့ ဒုတိယပိုင်း ကစားပုံဟာ လက်သင့်ခံစရာ မဟုတ်တဲ့ ကစားပုံ ဆိုတာကို နားလည်ဖို့ လိုပါတယ်။ ပြီးတော့ ဒီရှုံးပွဲကိုလည်း မြန်မြန် ကုစားနိုင်ဖို့ လိုပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။