ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ စပိန် လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းနဲ့ ပရီးမီးယားလိဂ် နာမည်ကြီးအသင်း အာဆင်နယ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာတော့ အိမ်ရှင် ဗီလာရီးရဲလ်အသင်းဟာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။ ဗီလာရီးရဲလ်အသင်းရဲ့ နည်းပြဖြစ်သူ အူနိုင်း အမ်မရီဟာ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်းတဦး ဖြစ်တာကြောင့် အဆိုပါပွဲစဉ်ဟာ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ ပွဲစဉ်တပွဲ ဖြစ်ခဲ့ပြီး အမ်မရီနဲ့ အာတီတာတို့ရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်မှာ ဗီလာရီးရဲလ်အသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၅မိနစ်မှာ ဘယ်တောင်ပံ ကစားသမား ထရိုင်ဂွီရို့စ်နဲ့ ပွဲကစားချိန် ၂၉မိနစ်မှာ ဝါရင့် ခံစစ်မှူး အယ်ဘီယိုတို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး အာဆင်နယ်အသင်း အတွက် ဗိုလ်လုပွဲဆီ အရောက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်တခု ဖြစ်ခဲ့တဲ့ ချေပဂိုးကိုတော့ ပွဲကစားချိန် ၇၃မိနစ်မှာ ပင်နယ်တီကနေ တဆင့် ပေပေက သွင်းယူပေးခဲ့တာပါ။ ထူးခြားချက်တခု အနေနဲ့ အဆိုပါပွဲစဉ်မှာ ဗီလာရီးရဲလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့မှာ တဖက်တဦးစီ အနီကတ် ထိခဲ့ကြပြီး ဗီလာရီးရဲလ်အသင်းဘက်မှာ ကွင်းလယ်လူ ကာပူးလ်က နှစ်ဝါတနီ ထိခဲ့သလို အာဆင်နယ်အသင်းဘက်က ကွင်းလယ်လူ စီဘယ်လော့ဟာ နှစ်ဝါတနီ ထိခဲ့ပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက စီဘယ်လော့ရဲ့ အနီကတ်ထိခဲ့တဲ့ လုပ်ရပ်အပေါ် အတော်လေး စိတ်ပျက်နေပြီး စီဘယ်လော့ဟာ သူ့ရဲ့ ညွှန်ကြားချက်တွေကို နားမထောင်ဘူးလို့ ပွဲအပြီးမှာ ပြောကြား သွားပါတယ်။ စီဘယ်လော့နဲ့ ပတ်သတ်ပြီး အာတီတာက – “ကျွန်တော် ဒီလိုဖြစ်ရပ်မျိုးကို နောက်ထပ်တကြိမ် ထပ်ပြီးတော့ မမြင်ချင်တော့ပါဘူး။ ဒီကိစ္စ(ဒုတိယအဝါထိမှု)နဲ့ ပတ်သတ်ပြီး ဒုတိယပိုင်းမှာ သတိထားဖို့ ပထမပိုင်း နားချိန်မှာ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ကျွန်တော် သူ့ကို လူစားလဲဖို့ စီစဉ်ခဲ့ပေမယ့် ဂါဘရီရယ် (မာတီနယ်လီ) အဆင်သင့် ဖြစ်တဲ့ အချိန်မှာပဲ သူက ထုတ်ပယ်ခံလိုက်ရပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။