ယခုနှစ် ဘောလုံးရာသီမှာ မထင်မှတ်ပဲ ရလဒ်ကောင်းတွေ ဆက်တိုက် ဆိုသလို ရယူထားနိုင်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက သူတို့အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မယ့် မျှော်လင့်ချက်မျိုး ရှိကြောင်း လီဗာပူးနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အကောင်းဆုံး ခြေစွမ်းတွေကို ပြသထားနိုင်ပြီး ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၁ပွဲသာ ကြုံတွေ့ထားရကာ ကျန်ပွဲတွေ အားလုံးမှာ အနိုင်ရလဒ်ကို အရယူထားနိုင်ပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၉) အပြီးမှာ အဆင့်၁နေရာကို သိမ်းပိုက်ထားနိုင်ပြီး ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကို ရမှတ် ၁မှတ် ၊ တတိယနေရာမှာ ရှိနေတဲ့ စပါးကို ရမှတ် ၄မှတ် အသီးသီး ဖြတ်တောက်ထားနိုင်ပါတယ်။

အာဆင်နယ်ရဲ့ ဒီရာသီမှာ ပြသထားတဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အာဆင်နယ် ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးက သူ့ရဲ့ အသင်းဟောင်းဟာ ဒီရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ကြောင်း သုံးသပ်ထားပြီး အာဆင်နယ်နည်းပြ အာတီတာကလည်း ဆရာဟောင်း အာစင်ဝင်းဂါးရဲ့ စကားကို သဘောတူကာ သူတို့အသင်းဟာ ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေကြောင်း ဆိုပါတယ်။

Photo Credit: Football London

အာတီတာက – “အသင်းကို တကယ် ချစ်သလို ၊ အသင်းနဲ့ ပတ်သတ်ပြီး ခရေစေ့တွင်းကျ သိတဲ့ အာဆင်းလို လူမျိုးက အခုလိုမျိုး စကားကို (အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ကြောင်း ပြောထားသော စကား) ပြောလာတဲ့ အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ ဒါက ကောင်းတဲ့အရာပါ။ ဒါပေမယ့် ကျွန်တော်တို့က ချန်ပီယံဆုနဲ့ ထိုက်တန်ကြောင်းကို သက်သေပြနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့က ကွင်းထဲမှာ ချန်ပီယံ ဖြစ်နိုင်ချေ ရှိကြောင်းကို သက်သေပြသွားရပါမယ်။ ပြီးတော့ အာဆင်းရဲ့ သုံးသပ်မှု မှန်ကန်ဖို့လည်း မျှော်လင့်မိပါတယ်။ အာဆင်းရဲ့ သုံးသပ်မှုတွေ အတော်များများက မှန်တတ်ကြတယ်လေ။ ဒီတော့ ကျွန်တော်တို့ အတွက် ချန်ပီယံဆု ဆိုတာ အလှမ်းဝေးတဲ့ အရာတခု မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။