ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့ကို အနိုင်ယူကာ အနိုင် ၃မှတ် သိမ်းပိုက်သွားခဲ့တဲ့ ဧည့်သည် ဝက်စ်ဟမ်းဟာ သူတို့အသင်းထက် ပိုကောင်းခဲ့တယ်လို့ ပွဲပြီးအင်တာဗျူးမှာ ဝန်ခံသွားခဲ့ပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရတဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အဖြစ် မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Euro Sports

အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ ပွဲစဉ်မှာ အိမ်ရှင် အာဆင်နယ်က ပွဲစပွဲဆုံး ဧည့်သည် ဝက်စ်ဟမ်းကို တရစပ် ဖိအားပေးကာ တိုက်စစ်ဆင် ကစားခဲ့ပေမယ့် သွင်းဂိုးတွေ တဂိုးမှ မရခဲ့ပဲ ဧည့်သည် ဝက်စ်ဟမ်းကတော့ တန်ပြန်တိုက်စစ်နဲ့ တည်ကန်ဘောတွေ ကနေ တဆင့် အာဆင်နယ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ် ၀-၂ ဝက်စ်ဟမ်း ပွဲစဉ်မှာ ဧည့်သည် ဝက်စ်ဟမ်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၃မိနစ်မှာ ကွင်းလယ်လူ ဆူချက်နဲ့ ပွဲချိန် ၅၅မိနစ်မှာ နောက်ခံလူ မာဗရိုပါနို့စ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ပွဲပြီးခါနီးမှာ ဘင်ရာမာက ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် အာဆင်နယ် ဂိုးသမား ရာယာက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်းတို့ အဝေးကွင်းမှာ ဂိုးထပ်မရခဲ့တာပါ။

Photo Credit: Tribuna

အာဆင်နယ် ၀-၂ ဝက်စ်ဟမ်း ပွဲစဉ်မှာ အိမ်ရှင် အာဆင်နယ်က ဂိုးကန်သွင်းခွင့် အကြိမ် ၃၀ ရခဲ့သလို ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲမှာ ဘောလုံးထိချက်ပေါင်း ၇၇ချက် အထိ ရခဲ့ပေမယ့် သွင်းဂိုး တဂိုးမှ မသွင်းယူနိုင်ခဲ့တာကြောင့် ရှုံးပွဲနဲ့ ကြုံခဲ့ရတာ ဖြစ်ပြီး ဝက်စ်ဟမ်းကို ရှုံးခဲ့ရတာကြောင့်ပဲ အာဆင်နယ်ဟာ အဆင့်(၁)နေရာကို ပြိုင်ဘက် လီဗာပူးဆီ လွှဲပေးခဲ့ရပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ ဝက်စ်ဟမ်းဟာ သူတို့ထက် ပိုကောင်းခဲ့တာကြောင့် နိုင်ပွဲ ရသွားခဲ့တာလို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ အာတီတာက – “ဝက်စ်ဟမ်းက ဂိုးဧရိယာ နှစ်ခုစလုံးမှာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ တကယ်လို့ ကျွန်တော်တို့က ဂိုးသွင်းခွင့် အကြိမ် ၃၀မှာ ဂိုးမသွင်းနိုင်ခဲ့ရင် ဂိုးသွင်းခွင့် အကြိမ် ၅၀ ၊ ၆၀ ရအောင် လုပ်ရပါမယ်။ ဒါက ကျွန်တော်တို့ လုပ်ရမယ့် တခုထဲသော အရာပါ။ ကျွန်တော်တို့တွေ ဒီပွဲလောက် ပြိုင်ပွဲရဲ့ ဂိုးဧရိယာထဲမှာ ထိချက်များများ ရခဲ့တဲ့ ပွဲမျိုး မရှိခဲ့ပါဘူး” လို့ မချိတင်ကဲ ထုတ်ပြောသွားခဲ့တာပါ။