မနေ့ညက ဗိုက်တယ်လက်တီကွင်းမှာ ဘုန်းမောက်နဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်က ပထမပိုင်းမှာပဲ အဓိက နောက်ခံလူ ဆလီဘာ ထုတ်ပယ်ခံခဲ့ရသလို ဒုတိယပိုင်းမှာလည်း ဘုန်းမောက်ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရင်း (၂)ဂိုးပြတ်နဲ့ ရှုံးပွဲတွေ့သွားခဲ့ရပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ မန်စီးတီးလို အသင်းမျိုးကိုတောင် တစ်ယောက်လျော့ အနေအထားနဲ့ သရေရအောင် ကစားနိုင်ခဲ့ပေမယ့်လည်း ဘုန်းမောက်နဲ့ ပွဲမှာတော့ ဆလီဘာ အထုတ်မခံရခင်ကတည်းက ကစားပုံ အချိတ်အဆက် မမိခဲ့သလို ကစားသမားတစ်ဦး လျော့သွားချိန်မှာတော့ ပိုပြီး လျော့တိလျော့ရဲ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Opta Analyst

ဒီပွဲမှာ အာဆင်နယ် တိုက်စစ်ကစားသမား လီအန်ဒရို ထရောဆော့က ဘောလုံးကို မဆင်မခြင်နဲ့ နောက်ပြန်ပို့ရာကနေ ပေးပို့မှု မှားယွင်းခဲ့တာကို ဆလီဘာ လိုက်ဆယ်ယူဖို့အတွက် ဘုန်းမောက်တိုက်စစ်မှူး အီဗန်နယ်လ်ဆန်ကို last defender foul ကျူးလွန်မိရာ တိုက်ရိုက် အနီကတ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

(၁၁)ဦး (၁၁)ဦးချင်း ကစားနေချိန်မှာတောင် အာဆင်နယ် ကစားဟန်က အားရစရာ မရှိချိန်မှာ ဆလီဘာလို အဓိက ကစားသမားတစ်ဦး မရှိတော့တာဟာ ပိုဆိုးသွားခဲ့ရပြီး မာတင်နယ်လီရဲ့ တကယ့် အခွင့်အရေးကြီးတစ်ခုကို အသုံးမချနိုင်ခဲ့တာကလည်း အာဆင်နယ်အတွက် အတော်လေး နစ်နာခဲ့ရပါတယ်။

 

Photo Credit : Goal

ဒီပွဲနဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက “ကျွန်တော်တို့က အခွင့်အရေးကို မရယူနိုင်ခဲ့ဘဲနဲ့ အပြစ်ပေးခြင်းကိုသာ ခံလိုက်ရပါတယ်။ ပွဲအတွင်းမှာ မာတင်နယ်လီနဲ့အတူ ကျွန်ေ်တာ်တို့ ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရရှိခဲ့ပါသေးတယ်။ ဒါကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။ ဒီပွဲက အမှားအယွင်းတွေ များပြားခဲ့တဲ့ ပွဲပါ။”

“ဒီပွဲမှာ ကျွန်တော်တို့အသင်းက ကြီးမားတဲ့ အရာနှစ်ခုကို ပြုလုပ်ခဲ့ပြီး ဒါက အသင်းအတွက် များစွာ သက်ရောက်သွားစေခဲ့ရပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ အာတီတာ ပြောသွားခဲ့သလို အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အမှားတွေ များခဲ့တဲ့အပြင် အာဆင်နယ်ကလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ ကစားသမား (၃)ဦးအထိတောင် ထုတ်ပယ်ခံထားရပြီပဲ ဖြစ်ပါတယ်။