ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းဟာ လက်ရှိ ဘောလုံးရာသီ မှာတော့ အတော်လေးကို ခြေစွမ်းတွေ ကျဆင်းနေတဲ့ အသင်းဖြစ်ပြီး ယူရိုပါလိဂ်မှာ ပွဲတိုင်းကို အနိုင် ရထားပေမယ့် ပြည်တွင်းလိဂ်မှာတော့ ၁၄ပွဲ ကစားထားရာမှာ ၁၄မှတ်သာ ရရှိထားပါတယ်။ အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ပွဲမှာ တစ်ပွဲမှ အနိုင်မရခဲ့ပဲ ၂ပွဲ သရေကျကာ ၅ပွဲ အထိ ရှုံးနိမ့်ခဲ့ပြီး အမြင့်ဆုံး ရနိုင်တဲ့ ရမှတ် ၂၁မှတ်မှာ ၂မှတ်ကိုသာ စုဆောင်းနိုင်ခဲ့ပြီး အသင်းဟာလည်း တန်းဆင်းဇုန်နဲ့ နီးကပ်တဲ့ အနေအထားအထိ ရောက်ရှိ နေပါတယ်။ ဒါ့ကြောင့်ပဲ အာဆင်နယ် အသင်းရဲ့ ပရိသတ်တွေဟာ အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကို အသင်းကနေ ထုတ်ပယ်ဖို့ တောင်းဆို နေကြပါတယ်။

Photo Credit: Standard

ဒါပေမယ့် အာဆင်နယ် အသင်းရဲ့ အသင်းပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့ဟာ အာတီတာ အပေါ် အပြည့်အဝ ယုံကြည်နေဆဲ ဖြစ်ပြီး ရလဒ်တွေ ဆိုးဝါးတိုင်း အသင်းရဲ့ နည်းပြကို ထုတ်ပယ်ရမယ် ဆိုတဲ့ အချက်ကို သဘောကျခြင်း မရှိပဲ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကို လူအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ပေးကာ ရလဒ်ဆိုးတွေမှ ရုန်းထွက်ဖို့ စဉ်းစားထားကြောင်း အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေ က ဖော်ပြ ထားကြပါတယ်။ ဒါ့ကြောင့် စပိန်လူမျိုး နည်းပြဖြစ်သူ အာတီတာကို အာဆင်နယ် အသင်းနဲ့ အတူ ဆက်လက် မြင်တွေ့နေရမှာ ဖြစ်ပြီး အာတီတာ ကတော့ ဆက်တိုက်ဆိုသလို ရှုံးပွဲတွေ ကြုံတွေ့ နေရတဲ့ အနေအထားကို ပြောင်းပြန် လှန်ပစ်နိုင်မယ် လို့ ယုံကြည်နေပေမယ့် အသင်းဟာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းကိုတော့ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Standard

အာဆင်နယ် အသင်းရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သတ်ပြီး အာတီတာက “ကျွန်တော်က ကျွန်တော့်ရဲ့ နံဘေးမှာ ရှိနေတဲ့ နည်းပြတွေ ၊ ကစားသမားတွေ ၊ နည်းပြအဖွဲ့ဝင်တွေ အားလုံးကို ဂရုတစိုက် စောင့်ကြည့် ရတာကို သဘောကျပါတယ်။ ပြီးတော့ ကျွန်တော့် အသင်းမှာ တိုက်ပွဲဝင်စိတ် ရှိတဲ့ ကစားသမားတွေကို မြင်တွေ့ချင်ပါတယ်။ ပုံမှန်အားဖြင့် အခုလို ဆိုးရွားတဲ့ အခြေအနေမှာ ခင်ဗျားက တိုက်ပွဲဝင်စိတ် ရှိတဲ့ ကစားသမားနဲ့ ပျော့ညံ့တဲ့ ကစားသမား ဆိုတဲ့ အမျိုးအစား နှစ်ရပ်ကို မြင်တွေ့ ရတတ်ပါတယ်။ ခင်ဗျားဟာ တိုက်ပွဲဝင်စိတ် ရှိတဲ့ ကစားသမားကိုပဲ လိုချင်မှာပါ။ ပျော့ညံ့တဲ့ ကစားသမားတွေ အတွက် နေရာဟာ မရှိပါဘူး။ ပျော့ညံ့တဲ့ ကစားသမားတွေက အရာရာတိုင်းမှာ အနုတ်လက္ခဏာဆန်တဲ့ လူတွေချည်းပါပဲ။ တကယ်လို့ ခင်ဗျားက အခု ကျွန်တော်တို့ ရောက်နေတဲ့ နေရာ ၊ ရထားတဲ့ ရမှတ်တွေကို ကြည့်မိရင် အဲ့ဒီအရာ(တန်းဆင်းဇုန် အန္တရာယ်) ကို ဂရုစိုက်ဖို့ လိုအပ်နေပြီ ဆိုတာ သိပါလိမ့်မယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ဒီလို အဆင့်မျိုးမှာ ကာလရှည် မနေသင့်တာကြောင့်ပါ” လို့ ပြောကြား သွားခဲ့ပါတယ်။