မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ နွေစျေးကွက်ပိတ်သိမ်းခါနီးလေးမှာပဲ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်ခံစစ်ကစားသမား သောမတ်စ်ပါတေးကို အာဆင်နယ်အသင်းပရိသတ်များစွာက အတော်လေး မျှော်လင့်ထားကြပေမယ့် ပါတေးရဲ့ အာဆင်နယ်ကစားသမားဘဝ ပထမဆုံးရာသီကတော့ ရုန်းကန်မှုတွေ ဒဏ်ရာပြသာနာတွေ ပရီးမီးယားလိဂ်နဲ့ အကျွမ်းတဝင်မဖြစ်သေးမှုတွေကြောင့် ထင်ထားသလောက် ခရီးမပေါက်သလို ဖြစ်ခဲ့ရပါတယ်။

Photo Credit : Sky Sports

အသက်(၂၇)နှစ်အရွှယ်ရှိ ဂါနာလက်ရွေးစင် ကွင်းလယ်ကစားသမား ပါတေးဟာ အသက်လက်တီကိုကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပါတေးဟာ အာဆင်နယ်ကရော အာဆင်နယ်ပရိသတ်ကပါ အလိုရှိနေတဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ပါတေးဟာ ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံကို ပွဲပေါင်း(၁၇)ပွဲသာ ပါဝင်ကစားထားခဲ့ရပြီး ကြွက်သားဒဏ်ရာ တံကောက်ကြောဒဏ်ရာနဲ့ တင်ပါးဒဏ်ရာတွေကြောင့် ပြိုင်ပွဲစုံ ပွဲပေါင်း(၁၄)ပွဲအထိကို လွဲချော်ထားခဲ့ရပါတယ်။

Photo Credit : Goal

ပါတေးနဲ့ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက “သူရဲ့အကောင်းဆုံးခြေစွမ်းတွေ ပြန်လည်ရရှိလာလိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်လောက်ကတော့ သူရုန်းကန်နေခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူအနေနဲ့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ကောင်းမွန်စွာ ပါဝင်နိုင်ခြင်း မရှိခဲ့တာကြောင့်ရော ပြင်ဆင်မှုပါ လုံလုံလောက်လောက် မရခဲ့တာကြောင့်ပါ။ ပရီးမီးယားလိဂ်ဆိုတာကလည်း တောင်းဆိုမှုတွေ အရမ်းများတဲ့ လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ဒါပေမယ့် သင်တို့အနေနဲ့ သူရဲ့အရည်အသွေးကိုတော့ မြင်တွေ့နိုင်ပါတယ်။ ကွင်းထဲမှာ သူပါဝင်ကစားနေချိန် အသင်းအတွက် သူရဲ့အကောင်းဆုုံးသော အရည်အသွေးတွေနဲ့ ထောက်ပံ့ကူညီနေတယ်ဆိုတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်ထင်တာကတော့ သူအနေနဲ့ အသင်းနဲ့အတူ ပွဲအရေအတွက် များလာမယ်ဆိုရင် အသင်းဖော်တွေနဲ့လည်း အချိတ်အဆက်တွေ နားလည်မှုကောင်းတွေ ရလာမယ်ဆိုရင် နောက်ပြီး သူရဲ့ကြံခိုင်မှုလည်း ကောင်းမွန်လာမယ်ဆိုရင် သူရဲ့အကောင်းဆုံးစွမ်းရည်တွေကို မျက်ဝါးထင်ထင် မြင်တွေ့လာရမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။