MySport Myanmar

ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့လို့ စိတ်ပျက် ဒေါသထွက်မိရတယ်လို့ အာတီတာ ဝန်ခံ

မနေ့ညက အိမရိတ်ဒ်ကွင်းမှာ ကျင်းပခဲ့တဲ့ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ဝက်စ်ဟမ်း တိုက်စစ်ကစားသမား ဂျရတ် ဘိုဝင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အိမ်ကွင်းရှုံးပွဲ တွေ့ကြုံလိုက်ရခြင်းအပေါ် စိတ်လည်းပျက်ရသလို ဒေါသလည်း ထွက်မိရတယ်လို့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ဝန်ခံလိုက်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဇယားထိပ်က လီဗာပူးလ်အသင်းကို အနီးကပ် ဖိအားပေးနေတဲ့ အာဆင်နယ်က အဆင့်(၂)နေရာမှာ လီဗာပူးလ်ထက် (၁)ပွဲလျော့ (၈)မှတ်အကွာနဲ့ ရှိနေရင်း ဒီတစ်ပတ်မှာ လီဗာပူးလ်က မန်စီးတီးနဲ့ ပွဲကျပ်ကစားရမှာဖြစ်လို့ ဒါက အာဆင်နယ်အတွက်တော့ အမှတ်ကွာဟချက်ကို လျှော့ချနိုင်ဖို့ အခွင့်အရေး ဖြစ်လာခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဒီအခွင့်အရေးကို အာဆင်နယ်တို့ အသုံးမချနိုင်ခဲ့ဘဲ ပထမပိုင်း ပြီးခါနီးမှာ ဝမ်ဘစ်ဆာခါရဲ့ ပေးပို့မှုကနေ ဘိုဝင်က ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပါတယ်။ ပိုဆိုးတာက လူငယ် နောက်ခံကစားသမားလေး မာတင် စကယ်လီပါ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရတာက အာဆင်နယ်အတွက် နစ်နာစေခဲ့ပါတယ်။

အာဆင်နယ်မှာက တိုက်စစ်ပိုင်းရဲ့ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရသလို ဒီရာသီထဲ ပရီးမီးယားလိဂ်မှာလည်း အနီကတ် ပြခံရတာက (၅)ကြိမ်တောင် ရှိနေပြီ ဖြစ်ပါတယ်။ တကယ်လို့ ဒီနေ့ညမှာ လီဗာပူးလ်က မန်စီးတီးကို နိုင်လိုက်မယ်ဆိုရင်လည်း လီဗာပူးလ်ဟာ အာဆင်နယ်ကို (၁၁)မှတ်အထိတောင် အမှတ်ဖြတ်ထားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

အာဆင်နယ်နည်းပြ အာတီတာကလည်း ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး “ကျွန်တော် အရမ်း အရမ်း ဒေါသထွက်တယ်။ အရမ်းလည်း စိတ်ပျက်မိတယ်။ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ လိုအပ်တဲ့ အဆင့်နဲ့ လုံးဝ မနီးစပ်ခဲ့ဘူး။ ဝက်စ်ဟမ်းကိုတော့ ဂုဏ်ပြုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က အများကြီး မှန်ကန်အောင် မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ လိုအပ်တဲ့ စံနှုန်းနဲ့ အဆင့်မှာ ရှိနေတယ်လို့ ဘယ်တော့မှ မခံစားရဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဒီနောက်ပိုင်းပွဲစဉ်တွေမှာ နော်တင်ဟမ် မန်ယူနိုက်တက် ချယ်လ်ဆီးတို့လို အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် ကစားသွားရဦးမှာ ဖြစ်သလို နယ်သာလန်ကလပ် PSV အသင်းနဲ့လည်း ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်ကိုလည်း မတ်လဆန်းပိုင်းမှာပဲ ကစားသွားရပါလိမ့်မယ်။

Exit mobile version