အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာက ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားသစ် တစ်ဦးတစ်ယောက်မှကို ခေါ်ယူဖြည့်တင်းနိုင်ခဲ့ခြင်း မရှိခဲ့တဲ့အပေါ် စိတ်ပျက်မိရတယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်က ဆောင်းဈေးကွက်အတွင်းမှာ လှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့်လည်း ကစားသမား ခေါ်ယူမှုတော့ ပြုလုပ်နိုင်ခဲ့ခြင်း မရှိဘဲ ဈေးကွက်ပိတ်သိမ်းလိုက်ရပါတယ်။ အထူးသဖြင့် ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ ဂါဘရီရယ်လ် ဂျေဇူးတို့နေရာတွေအတွက် တိုက်စစ်ကစားသမား ပြန်လည် မဖြည့်တင်းနိုင်ခဲ့တာက အာဆင်နယ်အတွက် စိတ်ပျက်စရာ ဖြစ်စေခဲ့ပါတယ်။
Photo Credit : Sky Sports
နည်းပြ အာတီတာကိုယ်တိုင် အသင်းတိုက်စစ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းမှု လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း အသင်းတာဝန်ရှိသူတွေဘက်က ဒီဈေးကွက်ထဲမှာ ထဲထဲဝင်ဝင် လှုပ်ရှားပေးခဲ့ခြင်း မရှိတာကြောင့် ရှိတဲ့ကစားသမားနဲ့သာ လက်ကျန်ရာသီဝက်ကို ဖြတ်သန်းရပါတော့မယ်။
“ကျွန်တော်တို့မှာ ရှင်းလင်းတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ အပြောင်းအရွှေ့ရာသီက အခွင့်အလမ်းတွေကို ရှာဖွေဖို့ ဖွင့်လှစ်ပေးထားတဲ့ အချိန်ပါ။ ကျွန်တော်တို့ရဲ့အသင်းအတွက် ထိထိရောက်ရောက် ကစားပေးနိုင်မယ့် ကစားသမားတွေနဲ့ အသင်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ ရည်ရွှယ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ မအောင်မြင်ခဲ့ဘူး။ ဒီအတွက်လည်း ကျွန်တော် စိတ်ပျက်မိပါတယ်။”
Photo Credit : Goal
“ဒါပေမယ့် ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားမျိုးကိုပဲ ရွေးချယ်ဖို့ သတိထားရမယ်။ ဒါက စွန့်စားမှုတစ်ခု မဟုတ်ဘူး။ လက်တွေ့ပါ။ ကျွန်တော်တို့ အဲ့ဒီမှာ ပိုမို တိုးတက်အောင် လုပ်ရမယ်။ အကယ်ဒမီကနေ ကစားသမားတွေကို ရယူပြီးတော့ ဒီမှာ ရှိနေတဲ့ ကစားသမားတွေကို ပိုပြီး အသုံးဝင်လာအောင် လုပ်ရမယ်။” လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။
အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဒီနေ့မှာပဲ ခါရာဘောင် လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် စိန့်ဂျိမ်းစ်ပါ့ခ်မှာ အိမ်ရှင် နယူးကာဆယ်အသင်းနဲ့ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပထမအကျော့ အိမရိတ်ဒ်မှာ ကစားခဲ့တုန်း (0-2) နဲ့ ရှုံးနိမ့်ထားခဲ့လို့ အာဆင်နယ်တို့ ဖိုင်နယ်တက်လှမ်းနိုင်ဖို့အတွက် အတော်လေး ခက်ခက်ခဲခဲ ကစားသွားရနိုင်ပါတယ်။