အာဆင်နယ် အသင်းရဲ့ နည်းပြ ဖြစ်သူ မိုက်ကယ် အာတီတာဟာ အာဆင်နယ် အသင်းရဲ့ စိတ်ပျက်စရာ ကောင်းတဲ့ အခြေအနေတွေကို ခံစားမိကြောင်းနဲ့ နောက်လာမယ့် သုံးပွဲက အသင်းအနေနဲ့ တန်ဆင်းဇုံ တိုက်ပွဲထဲ ကို ရောက်နိုင်၊ မရောက်နိုင် ဆိုတာကို အဆုံးအဖြတ် ပေးလိမ့်မယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ အာဆင်နယ် အသင်းရဲ့ ဒီရာသီ ခြေစွမ်းပိုင်းဟာ အတော်လေးကို ဆိုးဝါးလွန်းနေပြီးတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာအထိ ရောက်ရှိနေခဲ့ရသလို နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာလည်း ၅ မှတ်သာ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကနေ့ညမှာလည်း boxing day အဖြစ် ချယ်လ်ဆီး အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ လက်ခံ ကစားသွားရမှာ ဖြစ်သလို အင်္ဂါနေ့မှာလည်း ဘရိုက်တန် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Photo Credit: Daily Mail

နည်းပြ အာတီတာ ကို တန်ဆင်းဇုံ ကိစ္စနဲ့ ပတ်သက်ပြီး မေးတဲ့ အခါမှာတော့ “ နောက် ၇ ရက် ၈ ရက်လောက်ကြာရင် ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ဘယ်ကို ဦးတည်နေလဲ ဆိုတာကို သိပါလိမ့်မယ် ” ဆိုပြီး ဖြေခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ အသင်း ရဲ့ နည်းပြ ဖြစ်သူကော၊ ကစားသမားတွေပါ ရလဒ်ဆိုးတွေကြား ပိတ်မိနေခဲ့ပြီးတော့ ယုံကြည်မှုတွေ ကလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့ရပါတယ်။ မန်စီးတီး အသင်းကို ကာရာဘောင်း ဖလား ကွာတားဖိုင်နယ်မှာ ရှုံးနိမ်ခဲ့ပြီးတဲ့ နောက်မှာတော့ အသင်းရဲ့ အခြေအနေဟာ စိုးရိမ်စရာအနေအထားတစ်ခုကိုတောင် ရောက်ရှိလာပြီလို့ ဆိုရပါမယ်။ ဆက်လက်ပြီး အာတီတာက “ အခုလိုအချိန်မျိုးမှာ ကစားသမားအုပ်စု တစ်စုဆိုတာထက် အသင်းတစ်သင်း ဖြစ်ဖို့ရာအတွက် ပိုပြီးတော့ အားအင်တွေ အများကြီး လိုအပ်ပါတယ်။ အသင်းရဲ့ အခြေအနေ ကောင်းမနေတဲ့ အခါ ကစားသမားတွေကြား တစ်ယောက်နဲ့ တစ်ယောက် အပြစ်မတင်ပဲနဲ့ အကောင်းမြင်စိတ် ထားဖို့ ခင်ဗျား အနေနဲ့ လုပ်ပေးဖို့ လိုအပ်ပါတယ် ”

Photo Credit: Daily Mail

“ အခုလို ကစားသမားတွေကြား စိတ်ဝမ်းကွဲနေတဲ့ အချိန်မျိုးမှာ လုပ်နိုင်တဲ့ အကောင်းဆုံး အရာက ကစားသမားတွေ ကို လေ့ကျင့်ရေး ကွင်းအပြင်ကို ခေါ်သွားပြီး သင့်မြတ်မယ့် အရာတွေကို လုပ်ခိုင်းဖို့ ရှိပါတယ်။ ဒါပေမယ့် အခုလို အခြေအနေမျိုးမှာကျ ရောဂါကြောင့် ကျွန်တော်တို့ အဲ့လို လုပ်လို့မရဘူး။ ကစားသမားတွေကတော့ ကျွန်တော်တို့ တည်ဆောက်နေတဲ့ အရာ မပျက်စီးသွားအောင် အကောင်းဆုံး အားအင်တွေ ထည့်ပြီး ကစားပေးနေကြပါတယ်။ ဒါပေမယ့် အဲ့ဒါက အားအင်တွေ အများကြီး လိုပါတယ်။ ဘာလို့လဲဆိုရင် ခင်ဗျား အနေနဲ့ ကစားပွဲတွေကို ရှုံးနိမ့်နေပြီဆိုရင် တစ်ပွဲချင်းစီတိုင်းက ခင်ဗျားရဲ့ ကိုယ်ပေါ်ကို ဖိအားတွေ အများကြီး ကျစေနိုင်တာကြောင့်ပါ။ ပရိသတ်တွေက ရှုံးပွဲတွေ အတွက် စိတ်ပျက်နေကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း နာကျင်နေရပါတယ်။ အကောင်းဆုံးပြန်လာပြီး ကစားသမားတွေကို ဖိအားပေးဖို့ လိုအပ်ပါတယ်။ ကစားသမားတွေကလည်း ပြောတဲ့အတိုင်း လိုက်နာပြီး ကစားပွဲတွေ အတွက် အဆင်သင့် ဖြစ်နေရပါမယ်။ ဒါပေမယ့် အဲ့ဒီလို ဖြစ်လာဖို့ဆိုရင် အကောင်းဆုံးဆေးက ချယ်လ်ဆီး အသင်းကို အနိုင်ကန်ဖို့ပဲ ရှိပါတယ်။ ကျွန်တော်တို့ လဲကျရာကနေ ပြန်ထပြီး အမှတ်တွေ ရအောင် ယူရပါမယ်။ မျဉ်းတစ်ကြောင်းကို ဆွဲပြီး အဲ့ဒီမျဉ်း အတိုင်း ရှေ့ဆက်ကြပါစို့။ အဲ့ဒါက ကံမကောင်းတာပဲ ဖြစ်ဖြစ်၊ ရလဒ်တွေ အပေါ်မှာ သက်ရောက်နေတာပဲ ဖြစ်ဖြစ် သူတို့ သိသိသာသာပြောင်းလဲ သွားရပါမယ် ” လို့ ပြောဆိုခဲ့ပါတယ်။