ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)မှာ လီဗာပူးအသင်းကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းက အတော်လေး ညံ့ဖျင်းခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲဆက်တိုက် နိုင်ပွဲတွေ ရရှိထားတာကြောင့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ သုံးသပ်ခံထားရတဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)မှာတော့ လီဗာပူးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းပိုင်းဟာ ပုံမှန်အောက်ကို ရောက်ရှိခဲ့ပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်းက အာဆင်နယ်အသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး အာဆင်နယ် အသင်းရဲ့ အဓိက အသက်သွေးကြောလို့ ပြောရမယ့် စမစ်ရိုဝီ ၊ ဆာကာ ၊ ပါတေး ၊ လိုကွန်ညာတို့ရဲ့ ကွင်းလယ် အတွဲအဖက်ဟာ လီဗာပူးအသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်တဲ့ ဖာဘင်ဟို ၊ သီယာဂိုနဲ့ ချိန်ဘာလိန်တို့ လုပ်အားနှုန်းမြှင့် ကွင်းလယ် အတွဲအဖက်ကြောင့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရကာ ကွင်းလယ်ပိုင်းမှာ မယှဉ်နိုင်ခဲ့တဲ့နောက် အာဆင်နယ်အသင်းရဲ့ ကစားပုံက လီဗာပူးအသင်းကို ယှဉ်နိုင်ဖို့ ခက်ခဲသွားပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကလည်း သူတို့အသင်းဟာ လီဗာပူးအသင်းရဲ့ ကစားပုံကို ယှဉ်နိုင်ခဲ့ခြင်း မရှိကြောင်း ဝန်ခံသွားခဲ့ပြီး လီဗာပူးအသင်းက သူတို့အသင်းကို အဖက်ဖက်မှာ အသာစီးရယူကာ နိုင်သွားခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Express

လီဗာပူးအသင်းကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရကြောင်းကို အာတီတာက – “ပထမပိုင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ကျွန်တော်တို့အသင်းက ပိုပြီး စိတ်ရှည်ဖို့နဲ့ ကိုယ့်ရဲ့ ကစားကွက်ကို အေးအေးဆေးဆေး ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကတော့ အဲ့ဒီအရာနဲ့ ဆန့်ကျင်ဘက်တွေကိုပဲ လုပ်ခဲ့မိပါတယ်။ ပွဲရဲ့ ၁၅မိနစ် ၊ မိနစ်၂၀လောက်ထဲက ပြိုင်ဘက်အသင်းရဲ့ ကစားပုံအောက်ကို လုံးလုံးလျားလျား ကျရောက်သွားခဲ့ပါတယ်။ ကျွန်တော်တို့တွေက ပြိုင်ဘက်အသင်းရဲ့ အပြတ်အသတ် အနိုင်ယူတာကို ခံလိုက်ရပါတယ်။ ကျွန်တော်တို့က စီစဉ်ထားတဲ့ အတိုင်း ပွဲကို မကစားနိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ကျွန်တော်တို့တွေ ရှုံးနိမ့်ခဲ့ရတာပေါ့။ ကစားကွက်ပိုင်းမှာ မယှဉ်နိုင်ခဲ့တဲ့နောက် ကျွန်တော်တို့တွေ ဘယ်လိုမှ သူတို့အသင်းကို ယှဉ်ပြီး မကစားနိုင်တော့ပါဘူး” လို့ ဖွင့်ဟ ဝန်ခံသွားခဲ့တာပါ။