ယမန်နေ့ညမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အတွက် ကြိုတင်ပြင်ဆင်မှု အဖြစ် ရာသီသစ်ရဲ့ ပထမဦးဆုံး ခြေစမ်းပွဲကို ယှဉ်ပြိုင် ကစားခဲ့ပြီး စကော့တလန်ကလပ် ဟိုင်ဘာနီယန်အသင်းကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့ရပါတယ်။

ရာသီသစ်ရဲ့ ပထမဦးဆုံး ပွဲစဉ် ဖြစ်တာကြောင့် စကော့တလန်မြေမှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ အာဆင်နယ်အသင်းက အလွယ်တကူ အနိုင်ရလိမ့်မယ်လို့ ပရိသတ်တွေက ထင်မှတ်ခဲ့ကြပေမယ့် ဟိုင်ဘာနီယန်အသင်းရဲ့ အသင်းလိုက် ကစားပုံက အာဆင်နယ်အသင်းကို အခက်တွေ့စေခဲ့ပါတယ်။

Photo Credit: Metro

အာဆင်နယ်အသင်းဟာ အဆိုပါပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ အူဘာမီယန်း ၊ ပေပေ ၊ လာကာဇက် ၊ ပါတေး ၊ အယ်နီနီ စတဲ့ ကစားသမားတွေကို လူငယ် ကစားသမားတွေနဲ့ ရောယှက်ကာ သုံးစွဲခဲ့ပေမယ့် ကစားသမား အများစုဟာ ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့သလို ပွဲထွက် ဂိုးသမား အဖြစ် ကစားခဲ့တဲ့ အိုခွန်ကေဝိုရဲ့ အမှားတွေကြောင့် ဟိုင်ဘာနီယန်အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာပါ။

ဟိုင်ဘာနီယန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စကော့တလန် အမှတ်ပေးပြိုင်ပွဲရဲ့ တတိယနေရာကို ရယူနိုင်ခဲ့တဲ့ အသင်း ဖြစ်ပေမယ့် အာဆင်နယ်အသင်းလို နာမည်ကြီးအသင်းဟာ ဟိုင်ဘာနီယန်အသင်းကို အရေးနိမ့်စရာ မလိုကြောင်း အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေက ယူဆနေကြပြီး တချို့ ပရိသတ်တွေ ကတော့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကို ရာထူးကနေ နုတ်ထွက်ဖို့ အထိ တောင်းဆို နေပါတယ်။

Photo Credit: Metro

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကလည်း အဆိုပါပွဲမှာ သူတို့အသင်း အနေနဲ့ အနိုင်ရလဒ် ရရှိခဲ့သင့်ကြောင်း ဝန်ခံသွားခဲ့သလို ဟိုင်ဘာနီယန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အတွက် ဆင်ခြေမပေးလိုကြောင်း ဆိုသွားပါတယ်။

ရှုံးပွဲနဲ့ ပတ်သတ်ပြီး အာတီတာက – “လေ့ကျင့်မှု အားနည်းသေးလို့ ရှုံးခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ဒီရှုံးပွဲ အတွက် ဆင်ခြေပေးစရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ဒီနေရာကို အနိုင်ရလဒ် ယူဖို့ အတွက် လာခဲ့ကြလို့ပါ။ ကစားသမားတွေက အလုပ်ကြိုးစားခဲ့ကြပါတယ်။ ဒါကိုလည်း ခင်ဗျားတို့ မြင်ပါတယ်။ ဒါပေမယ့် သူတို့ထဲက တချို့ဟာ အကောင်းဆုံး အနေအထားမှာ ရှိမနေပါဘူး။ ဒီအတွက်လည်း စိတ်ပူစရာ မလိုဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုမှ ရာသီကြို ပြင်ဆင်မှု အနေအထားမှာပဲ ရှိနေသေးလို့ပါ။ တချို့ လူငယ် ကစားသမားလေးတွေ ကစားခွင့် ရတဲ့ အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့တွေ အလုပ်ကို ပိုပြီး ကြိုးစားဖို့ လိုပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။