ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းကို ဆယ်စုနှစ်တစ်ခုကျော် ကြာအောင် နည်းပြခဲ့ဖူးတဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးကတော့ လက်ရှိအချိန်မှာ ဘောလုံးအသင်းတွေကို ကိုင်တွယ်ခြင်း မရှိပေမယ့် ဘောလုံးအသင်းတွေရဲ့ အကြောင်းတွေကို သုံးသပ်ဆွေးနွေးတဲ့ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့သူပါ။ အာဆင်ဝင်းဂါး ဟာ နည်းပြဘဝမှာကတည်းက လူငယ် ကစားသမားများစွာကို သင့်တင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ဖူးတဲ့ နည်းပြတစ်ဦး ဖြစ်တာကြောင့် ကလပ်အသင်းတွေရဲ့ အပြောင်းအရွှေ့တွေကို သုံးသပ်တဲ့ နေရာမှာ အတော်လေးကို ကျွမ်းကျင် ပြီး ဒီတစ်ခါမှာတော့ အာဆင်ဝင်းဂါးက စပိန် ထိပ်သီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူသွားလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်းမှာ မက်ဆီ ၊ ဆွာရက်ဇ် ၊ ဂရစ်ဇ်မန်း ၊ ဘရိတ်ဝိတ် စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားခဲ့ပေမယ့် မက်ဆီ ၊ ဆွာရက်ဇ်တို့ နှစ်ဦးစလုံးဟာ အသက် အရွယ် ရလာပြီဖြစ်သလို အက်သလက်တီကို မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂရစ်ဇ်မန်းဟာလည်း လက်ရှိအချိန်အထိ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မှု မရှိသေးပါဘူး။ ဒါ့ကြောင့်ပဲ ဘာစီလိုနာအသင်း ဟာ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားလူမျိုး တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူဖို့ အတော်လေးကို ကြိုးပမ်းနေပြီး မာတီနက်စ် ဘက်ကလည်း ဘာစီလိုနာအသင်းထံကို ပြောင်းရွှေ့ ကစားလိုနေတာကြောင့် အဆိုပါ အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။

Photo Credit: Marca

အာဆင်ဝင်းဂါးကတော့ မက်ဆီနဲ့ ဆွာရက်ဇ် တို့ အသက်အရွယ်ရလာတာကြောင့် ဘာစီလိုနာ ဟာ တိုက်စစ်မှူးတစ်ဦးကို ရှာဖွေလိမ့်မယ်လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။ အာဆင်ဝင်းဂါး က ” ဘာစီလိုနာဟာ အမြဲတမ်း ထိပ်တန်း ကစားသမားတွေကို ခေါ်ယူလေ့ရှိတဲ့ အသင်း တစ်သင်းပါ။ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရ ဆိုရင် ဆွာရက်ဇ်ရဲ့ နေရာကို အစားထိုးဖို့ဟာ အရေးတကြီးလိုလားဆိုတော့ အဲ့ဒီအရာက မသေချာပါဘူး။ သူတို့က တိုက်စစ်မှူးတစ်ဦးကို ထပ်ပြီး ခေါ်ယူနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု ဘာစီလိုနာအသင်းရဲ့ သွင်းဂိုးတွေဟာ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဆီကနေ မြစ်ဖျားခံ နေတာမို့လို့ပါ။ သူတို့ဟာ ဂိုးသွင်းပေးနိုင်တဲ့ ကစားသမားတစ်ဦးကို လိုအပ်ပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်း လိုအပ်နေတဲ့ နေရာကို ဖြည့်တင်းပေးနိုင်မယ်လို့ ထင်နေတုန်းပါပဲ။ ဒါပေမယ့် သူက အခုထက် ပိုပြီးတော့ အသင်းမှာ အသားကျဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ထိပ်တန်းတိုက်စစ်မှူး တစ်ယောက် ကို ထပ်ပြီး ခေါ်လိမ့်မယ်လို့ ယုံကြည်ပါတယ် ” လို့ သုံးသပ် ပြောဆိုသွားပါတယ်။