MySport Myanmar

ဘာစီလိုနာ နောက်ခံကစားသမား ခွန်ဒေကို ဆက်သွယ်မှု ပြုလုပ်လာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ပြင်သစ် နောက်ခံကစားသမား ဂျူးလ် ခွန်ဒေကို အခုနွေဈေးကွက်မှာ ခေါ်ယူသွားဖိုု့အတွက် ဆက်သွယ် ချဉ်းကပ်မှုတွေ စတင် လုပ်ဆောင်လာခဲ့တယ်လို့ စပိန်အခြေစိုက် နာမည်ကြီး သတင်းထောက်ဖြစ်သူ ဂျရတ် ရိုမဲရိုးက သတင်းဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခံစစ်ပိုင်း ကျစ်လစ်ခိုင်မာမှုကို ပြသနိုင်ခဲ့ပေမယ့်လည်း ဒီနွေမှာတော့ အသင်းကနေ ရှင်းထုတ်မယ့် ကစားသမားတွေမှာ ခံစစ်ပိုင်းက ကစားသမားတွေလည်း ပါဝင်နေတာမို့ ဒီကစားသမားတွေနေရာအတွက် အရည်အသွေးမြင့် players တွေကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Arsenal Insider

 

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အာဆင်နယ် ခံစစ်က ဇင်ချန်ကို ခီဗီယော စီဒရစ်တို့ ထွက်ခွာသွားဖွယ် ရှိနေပြီး ဒီအတွက်ကိုလည်း အာဆင်နယ်က အခု ယူရို-၂၀၂၄မှာ ခြေစွမ်းပြနေတဲ့ အီတလီ ခံစစ်မှူးလေး ကာလာဖီအိုရီအပြင် ဘာစီလိုနာအသင်းရဲ့ ခံစစ်ကစားသမား ခွန်ဒေကိုပါ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ ခွန်ဒေဟာ ဆီဗီလာအသင်းမှာ ပါဝင်ကစားစဉ်ကတည်းက ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သူဖြစ်ပြီး ခံစစ်မှာလည်း ဗဟိုခံစစ်နေရာနဲ့ ညာခြမ်းခံစစ် နေရာတွေအထိ ကစားနိုင်တဲ့သူလည်း ဖြစ်ပါတယ်။ အာဆင်နယ်ကလည်း နောက်ပိုင်း ကစားသမားခေါ်ရင် နေရာအစုံ လိုုက်ပါကစားနိုင်တဲ့သူမျိုးကို ပိုမို ဦးစားပေး ခေါ်ယူတက်လေ့ ရှိနေပါတယ်။

Photo Credit : Football London

 

တကယ်လို့ ဇင်ချန်ကိုနဲ့ ခီဗီယောသာ ထွက်သွားမယ်ဆိုရင် အာဆင်နယ်က left-back နေရာကို ဦးစားပေး ဖြည့်တင်းရမှာ ဖြစ်ပေမယ့်လည်း အသင်းရဲ့ ဂျပန် ညာနောက်ခံလူ တိုမီယာစုက ပြီးခဲ့တဲ့ ရာသီမှာ LB နေရာကိုသာ ပိုကစားများခဲ့သလို ACL ကနေ သက်သာလာပြီဖြစ်တဲ့ တင်းဘားဟာလည်း ဘယ်ခြမ်းခံစစ်မှာ ကောင်းကောင်း ကစားနိုင်သူလည်း ဖြစ်နေပါတယ်။

ဒါကြောင့် အာဆင်နယ်က CB နဲ့ RB နေရာတွေမှာ ကစားနိုင်သူ ခွန်ဒေကို ပစ်မှတ်ထားလာနိုင်တာဖြစ်ပြီး ဘာစီလိုနာကတော့ ခွန်ဒေလို သူတို့အသင်းအတွက် အရေးပါတဲ့ ကစားသမားမျိုးကို ရောင်းချချင်းမှာ မဟုတ်ပေမယ့်လည်း ဘဏ္ဍာရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ လိုအပ်လာခဲ့မယ်ဆိုရင်တော့ ရောင်းထုတ်နိုင်တယ်လို့ ရိုမဲရိုးက အသေအချာ ဖော်ပြသွားခဲ့ပါတယ်။

Exit mobile version