ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ အာစင်ဝင်းဂါးဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ထင်ထားသလောက် ရလဒ်ကောင်းတွေ ရရှိခြင်း မရှိသလို အသင်းလိုက် ကစားပုံပါ ဆိုးရွားနေတာကြောင့် အသင်းရဲ့နည်းပြ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ် ခန့်အပ်ဖို့ ဆုံးဖြတ်ထားတဲ့ အသင်းပါ။

Photo Credit: 90 Mins

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်နည်းပြ မာတီနက်ဇ် ၊ အသင်းရဲ့ ကစားသမားဟောင်း ဇာဗီ ၊ အေဂျက်နည်းပြ တန်ဟက်ဂ်နဲ့ ဂျာမဏီ လက်ရွေးစင်အသင်းရဲ့ နည်းပြဟောင်း ဂျိုအာချင်လိုတို့ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဂျိုအာချင်လိုကတော့ ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့ ငြင်းဆန်ခဲ့ကြောင်း သိထားရပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးကတော့ ဘာစီလိုနာအသင်းက နည်းပြသစ် ရှာပုံတော် ဖွင့်နေချိန်မှာ သူဟာ နည်းပြတဦး အဖြစ် ပြန်လည် လုပ်ကိုင်ဖို့ အတွက် ယခုချိန်အထိ ဆန္ဒပြင်းပျနေဆဲ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပြီး နီးစပ်တဲ့လူတွေကိုလည်း ဘာစီလိုနာအသင်းရဲ့ နည်းပြအဖြစ် လုပ်ကိုင် ဆောင်ရွက်ချင်ကြောင်း အသိပေးထားတာတွေ ရှိနေပါတယ်။

Photo Credit: 90 Mins

နည်းပြတဦး အဖြစ် လုပ်ကိုင်ဖို့ ဆန္ဒရှိနေဆဲ ဖြစ်ကြောင်းကို အာစင်ဝင်းဂါးက – “ကျွန်တော်တို့ ခေတ်ဟောင်း နည်းပြတွေရဲ့ အချိန်တွေက ကုန်လွန်ခဲ့ပြီလို့ ခံစားရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ နည်းပြတဦး အဖြစ် ထပ်ပြီး လုပ်ကိုင်ချင်နေဆဲပါ။ လူတွေက ခင်ဗျား အိုနေပြီလို့ ပြောတိုင်း သူတို့ပြောတာ မှန်တယ်လို့ တွေးမိပါတယ်။ ဒါပေမယ့် ကျွန်တော်က အကောင်းဆုံး အနေအထား တရပ်မှာ ရှိနေပါသေးတယ်။ ဒါကြောင့် နည်းပြဘဝကနေ အနားယူဖို့ မဆုံးဖြတ်သေးပါဘူး” လို့ ပြောကြားခဲ့တာပါ။