ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ သက်တော်ရှည် ဂန္တဝင် နည်းပြဟောင်းကြီး အာစင်ဝင်းဂါး ကတော့ သူဟာ လက်ရှိမှာ နည်းပြအလုပ် ကနေ ယာယီ အနားယူ ထားပေမယ့် အသင်းဟောင်း အာဆင်နယ် အသင်းကသာ သူ့ကို အလိုရှိပါက အာဆင်နယ် အသင်းဆီ ပြန်လာမှာ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ အသက် ၇၁နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပြင်သစ်လူမျိုး ဝါရင့်နည်းပြကြီး ဖြစ်သူ အာစင်ဝင်းဂါးဟာ အင်္ဂလန် ကလပ် အာဆင်နယ် အသင်းကို ယခုလိုမျိုး အသင်းကြီး တစ်သင်း စာရင်းဝင် ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးခဲ့သူ တစ်ဦး ဖြစ်ပြီး အာဆင်နယ် အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂၂နှစ်တာ ကာလအတွင်းမှာ အသင်းကို ဆုဖလား အောင်မြင်မှုများစွာ ရယူ ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

အာစင်ဝင်းဂါးဟာ ၁၉၉၆ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ စတင်ကာ အာဆင်နယ် အသင်းကို စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ၂၀၁၈ခုနှစ် ဇွန်လ ၃၀ရက်နေ့ မှာတော့ အာဆင်နယ် အသင်းကနေ ထွက်ခွာ သွားခဲ့သူပါ။ အာဆင်နယ် အသင်းဟာ အာစင်ဝင်းဂါးကို ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရယူ ပေးနိုင်ခြင်း မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့တာ ဖြစ်ပေမယ့် အာစင်ဝင်းဂါး ထွက်သွားပြီး နောက်မှာတော့ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတော့တဲ့ အနေအထား အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။ လက်ရှိ ဘောလုံးရာသီ မှာလည်း အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေ ရရှိထားပြီး ၁၆ပွဲ ကစားပြီးချိန်မှာ ရမှတ် ၂၀သာ ရရှိထားကာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၃နေရာ အထိ ရောက်ရှိ နေပါတယ်။

Photo Credit: The Sun

အဆိုပါ ရလဒ်ဆိုးတွေကြောင့်ပဲ လက်ရှိ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာ မကြာခင် မှာ အသင်းကနေ ထုတ်ပယ် ခံရတော့မယ် လို့ သတင်းတွေ ထွက်ပေါ်နေသလို အာဆင်နယ် အသင်းရဲ့ အမာခံ ပရိသတ်တွေကလည်း သူတို့အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးကို အသင်းရဲ့ နည်းပြတစ်ဦး အဖြစ် ပြန်လည် မြင်တွေ့ချင် နေပါတယ်။ အာစင်ဝင်းဂါး ကတော့ NBS သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ “တကယ်လို့ သူတို့ကသာ ကျွန်တော့်ကို လိုအပ်တယ် ဆိုရင် ကျွန်တော်က သူတို့ကို ကူညီသွားမှာပါ” ဆိုပြီး ပြောကြား သွားပါတယ်။ ကဲ ပရိသတ်ကြီးကရော အာဆင်နယ် အသင်းအနေနဲ့ ရလဒ်ဆိုးတွေ ကနေ ရုန်းထွက် နိုင်ဖို့ အာစင်ဝင်းဂါးကို ပြန်လည် ခန့်အပ်သင့်တယ် လို့ ထင်ကြလားဗျ…။