ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါး ကတော့ သူဟာ အာဆင်နယ်အသင်းကို ကိုင်တွယ်နေစဉ်မှာ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက်တို့လို ထိပ်တန်းအသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ကြောင်း ESPN သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၇၁နှစ် အရွယ် ပြင်သစ် ဘိုးဘိုးကြီး အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို သာမန်အသင်း ကနေ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးခဲ့ပြီး သူ့ရဲ့ လက်ထက်မှာ အာဆင်နယ်အသင်းဟာ အမ်းမရိတ်ကွင်းကို တည်ဆောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းကမှ ရယူနိုင်ခြင်း မရှိတဲ့ ရှုံးပွဲမရှိ စံချိန်နဲ့ အမှတ်ပေးဖလားကိုလည်း အရယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၁၉၉၆ခုနှစ် ကနေ စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ခုနှစ်မှာတော့ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၂၂နှစ် ကြာအောင် ကိုင်တွယ်ခဲ့ရာမှာ ပရီးမီးယားလိဂ်ဖလား ၃ကြိမ် ၊ အက်ဖ်အေဖလား ၇ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၇ကြိမ် စုစုပေါင်း ဆုဖလား ၁၇လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း အာစင်ဝင်းဂါး တယောက် အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့စဉ်မှာ သူ့ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးစားဖူးတဲ့ အသင်းတွေ ရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီ ၊ ဂျူဗင်တပ်တို့လို ဥရောပ ထိပ်တန်း အသင်းကြီးတွေဟာ အာစင်ဝင်းဂါးဆီ ချဉ်းကပ်ခဲ့သလို အာဆင်နယ်အသင်းရဲ့ မဟာပြိုင်ဘက်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း အာစင်ဝင်းဂါးကို မျက်စိကျခဲ့ဖူးပါတယ်။

Photo Credit: Goal

အာစင်ဝင်းဂါးကတော့ ဥရောပ ထိပ်သီးအသင်း အများစုဟာ သူ့ကို ခေါ်ယူဖို့ ကြိုးစားဖူးကြောင်း အတည်ပြုသွားခဲ့ကာ သူက အာဆင်နယ်အသင်းကို တွယ်တာပြီး အဆိုပါအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့ဖူးလို့ နောင်တရကြောင်းလည်း ဝန်ခံသွားခဲ့ပါတယ်။

အာစင်ဝင်းဂါးက – “ကျွန်တော် ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ဖို့ ၂ကြိမ်တောင် အခွင့်အရေး ရခဲ့ပါတယ်။ ပြီးတော့ ဂျူဗင်တပ် ၊ ပီအက်စ်ဂျီတို့ရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ရဖူးပါတယ်။ ထပ်ပြောရရင် မန်ချက်စတာ ယူနိုက်တက်အသင်းဆီက ကမ်းလှမ်းမှုကိုတောင် ရခဲ့ဖူးပါတယ်။ ကျွန်တော့် အတွက် အခုချိန်မှာ နောင်တအရဆုံး အရာက အာဆင်နယ်အသင်းကို အရမ်း ချစ်မိခဲ့တာပါပဲ။ ကျွန်တော် တကယ်ပဲ နောင်တရပါတယ်။ ကျွန်တော်က အာဆင်နယ်အသင်းကို စွန့်ခွာပြီး အသင်းကြီး တသင်းဆီ သွားခဲ့သင့်တာပါ” လို့ ပြောကြားခဲ့တာပါ။