အာဆင်နယ်အသင်းကို နှစ်ပေါင်းများစွာ ပရီးမီးယားလိဂ်မှာ ထိပ်တန်းအသင်းကြီး တစ်သင်းအဖြစ် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့ဖူးတဲ့ ဝါရင့်နည်းပြကြီး အာစင်ဝင်းဂါးဟာ ယနေ့ မနက်မှာ ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပွဲစဉ်အကြောင်းကို သုံးသပ်မှုတွေ ပြုလုပ်သွားခဲ့ပြီး ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့ရတာဟာ နည်းပြဖြစ်သူလမ်းပတ်ရဲ့ နည်းစနစ်ပိုင်းမှားယွင်းမှုကြောင့် ဖြစ်တယ်လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာပါ။

Photo Credit: Standard.com

အိမ်ကွင်း စတမ်းဘရက်ဖို့ဒ်မှာ ကစားခဲ့ရတဲ့ အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ တန်ပြန် တိုက်စစ်ကို ဦးစားပေးကစားသွားကာ ဘိုင်ယန် မြူးနစ်အသင်းရဲ့ လေးလံတဲ့ နောက်တန်းကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမယ့် ဂျော်ဂျင်ဟို ၊ ကိုဗာစစ်တို့ ဦးဆောင်တဲ့ ကွင်းလယ်ပိုင်းက အလုပ် မဖြစ်ခဲ့သလို မေဆန်မောင့်နဲ့ ဘာကလေတို့ရဲ့ အင်္ဂလန်ကွင်းလယ်တိုက်စစ် အတွဲဟာလည်း ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခဲ့ပါတယ်။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းရဲ့ ကစားကွက်ဟာ တစ်ဖက်အသင်းရဲ့ ကွင်းလယ်မှာပဲ ကျေပျက်ခဲ့ရပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် လွယ်ကူတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ကာ အိမ်ပြန်မျက်နှာပန်းလှခဲ့ပါတယ်။

Photo Credit: Standard.com

အာစင်ဝင်းဂါကတော့ ချယ်လ်ဆီးအသင်းရဲ့ ရှုံးပွဲဟာ နည်းပြလမ်းပတ်ကြောင့်လို့ ဝေဖန် ထောက်ပြပြောဆိုသွားခဲ့ပါတယ်။ အာစင်ဝင်းဂါးက ” လမ်းပတ်က အဲ့ဒီအချက်ကို သင်ယူပြီးသား ဖြစ်မှာပါ။ ခင်ဗျားက တစ်ဖက်အသင်းကိုသာ ဖိအားပေးကစားနိုင်ရင် အိမ်ကွင်းမှာ ငါးပွဲလောက်တော့ ရှုံးမှာမဟုတ်ပါဘူး။ ဒီလိုပွဲမျိုးမှာ ခင်ဗျားက တစ်ဖက်အသင်းကို ဘောလုံးပေးကစားရင် ခင်ဗျားဟာ အပြစ်ပေးခံရမှာပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က ခင်ဗျားတို့ကို အများကြီးပြေးလွှားအောင် လုပ်ခိုင်းပြီး ပင်ပန်းစေမှာမို့လို့ပါ။ ချန်ပီယံလိဂ်မှာ ကွင်းလယ်အထိုင်သာ ပျက်သွားရင် ခင်ဗျားက ဒုက္ခရောက်မှာပါပဲ။ ဒါဟာ စည်းမျဉ်းနံပါတ်တစ်ပါ ” လို့ ထောက်ပြ ပြောဆိုသွားခဲ့တာပါ။