ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ လက်ကျန် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အင်္ဂလန်အသင်းဟာ အချိန်ပို အထိ ရေကုန်ရေခမ်း ကစားခဲ့ပြီးနောက် ဒိန်းမတ်အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရကာ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဝင်ဘလေကွင်းထဲမှာ ကစားခဲ့တဲ့ ပွဲစဉ် ဖြစ်တာနဲ့အညီ အင်္ဂလန်အသင်းဟာ အိမ်ရှင် ပရိသတ်အားနဲ့ ဒိန်းမတ်အသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားခဲ့ပေမယ့် ဒိန်းမတ်အသင်းရဲ့ မာကျောတဲ့ ခံစစ်ကြောင်းနဲ့ လက်စွမ်းပြနေတဲ့ အသင်းခေါင်းဆောင် ရှမိုက်ကယ်တို့ရဲ့ လက်စွမ်းတွေကြောင့် လိုအပ်နေတဲ့ သွင်းဂိုးတွေကို ရရှိဖို့ ခက်ခဲခဲ့ပြီး သာမန်ပွဲကစားချိန် အတွင်းမှာ တဖက် တဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Express

အဲ့ဒီနောက် အချိန်ပို မိနစ် ၃၀ကို ရောက်ရှိတဲ့ အချိန်မှသာ စတာလင်းကြောင့် ရရှိတဲ့ ပင်နယ်တီကို ဟယ်ရီကိန်းက ကန်သွင်းပြီး အနိုင်ဂိုးကို ရယူပေးခဲ့တာပါ။ အဆိုပါ ပင်နယ်တီဟာ ဒိန်းမတ်အသင်းရဲ့ ကွင်းလယ်လူ မေဟေးလ်က စတာလင်းကို ဂိုးဧရိယာအတွင်း လှဲချရာကနေ ရရှိခဲ့တဲ့ ပင်နယ်တီ ဖြစ်ပြီး အဆိုပါ ပင်နယ်တီ ပေးခဲ့မှု အပေါ် အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးကတော့ မပေးသင့်တဲ့ ပင်နယ်တီလို့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်သွားခဲ့ပါတယ်။

အဲ့ဒါအပြင် အာဆင်ဝင်းဂါးက အဆိုပါ ပြစ်ဒဏ်ဘောဟာ ပင်နယ်တီ မဟုတ်တဲ့ အကြောင်းကို ကွင်းလယ်ဒိုင်အား အသိပေးဖို့ ပျက်ကွက်ခဲ့တဲ့ VAR Teamရဲ့ ပျက်ကွက်မှုကိုလည်း ထောက်ပြ သွားခဲ့ပါတယ်။

Photo Credit: Express

အာဆင်ဝင်းဂါးက – “လုံးဝ ပင်နယ်တီ မဟုတ်ပါဘူး။ ဒီလိုအချိန်မျိုးမှာဆို ဒါက ဖြစ်တတ်တဲ့ အရာပါ။ ကျွန်တော် နားမလည်တာက ဘာလို့ VAR Teamဟာ ဒီဖြစ်ရပ်ကို ပြန်ကြည့်ဖို့ ကွင်းလယ်ဒိုင်ကို အသိမပေးခဲ့တာလဲ။ ဒီလိုအချိန်မျိုးမှာ ကွင်းလယ်ဒိုင်အနေနဲ့ ဒါက တိကျရှင်းလင်းတဲ့ ပင်နယ်တီပါ ဆိုပြီး ယုံကြည်မှု ရှိဖို့က အရေးကြီးပါတယ်။ ဒါမှပဲ သူ့ရဲ့ ဆုံးဖြတ်ချက်က မျှတမှာပါ။ ဒါပေမယ့် ဒီဆုံးဖြတ်မှု ကတော့ ထင်ထားသလောက် ရှင်းလင်းမှု မရှိပါဘူး။ အနည်းဆုံးတော့ သူက VAR Screenကို တကြိမ်လောက် သွားကြည့်သင့်ပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။

ဒါပေမယ့် အဆိုပါ ပင်နယ်တီကို ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ စတာလင်းကတော့ ဒီပြစ်ဒဏ်ဘောဟာ ကျိန်းသေပေါက် ပင်နယ်တီပါလို့ ပွဲအပြီးမှာ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အင်္ဂလန်အသင်းဟာ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့် လာမယ့် ဇူလိုင်လ ၁၂ရက်နေ့ မနက် ၁နာရီခွဲအချိန်မှာ အီတလီအသင်းနဲ့ ဗိုလ်လုပွဲကို ရင်ဆိုင် ကစားရတော့မှာပဲ ဖြစ်ပါတယ်။