ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါး ကတော့ နည်းစနစ်ဒါရိုက်တာ ရာထူးနဲ့ အသင်းဟောင်း အာဆင်နယ်အသင်းထံ ပြန်လည် ပြောင်းရွှေ့လာဖို့ နီးစပ်နေကြောင်း အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၇၁နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပြင်သစ်လူမျိုး ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးဟာ ဘောလုံးလောကရဲ့ ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တွေထဲက တဦး ဖြစ်သလို အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်မှာ အင်အားကြီးအသင်း တသင်း ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Express

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၁၉၉၆ခုနှစ် ကနေ ၂၀၁၈ခုနှစ် အထိ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့လက်ထက်မှာ အာဆင်နယ်အသင်းဟာ ရှုံးပွဲမရှိစံချိန်နဲ့ လိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့သလို အခြားသော ဆုဖလားအောင်မြင်မှု များစွာလည်း ရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အာစင်ဝင်းဂါးဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင်နေပေမယ့် သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်အသင်းဆီ အကြီးအကဲ တဦး အဖြစ် ပြန်လည် ပြောင်းရွှေ့လာဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အာစင်ဝင်းဂါး တယောက် အာဆင်နယ်အသင်းဆီ ပြန်လာဖို့ နီးစပ်နေပြီ ဖြစ်ကြောင်းကို အာဆင်နယ်နည်းပြ အာတီတာက ပရိသတ်တွေဆီ သတင်းစကား ပါးခဲ့ပါတယ်။

Photo Credit: Express

အာစင်ဝင်းဂါးက အာဆင်နယ်အသင်းမှာ ဘယ်လိုရာထူးမျိုး ရယူမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး အတိအကျ သတင်းထွက်ပေါ်ခြင်း မရှိသေးပေမယ့် အာတီတာက အာစင်ဝင်းဂါးဟာ သူ့ကို နည်းစနစ်ပိုင်းနဲ့ ပတ်သတ်ပြီး ကူညီနိုင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့တာကြောင့် အာစင်ဝင်းဂါးရဲ့ ရာထူးက အာဆင်နယ်အသင်းမှာ လစ်လပ်နေတဲ့ နည်းစနစ်ဒါရိုက်တာ ရာထူး ဖြစ်နိုင်ပါတယ်။

အသင်းဆီ အာစင်ဝင်းဂါး ပြန်ရောက်လာဖို့ နီးစပ်နေကြောင်းကို အာတီတာက – “အသင်းနဲ့ အာဆင်းတို့ ကြားမှာ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ အာဆင်းက သူ့ရဲ့အကြောင်းကို ပြန်လည် ရိုက်ကူးမယ့် ရုပ်ရှင်အကြောင်းနဲ့ ပတ်သတ်ပြီး စကားပြောဖြစ်ခဲ့ပါသေးတယ်။ သူ့ကို အသင်းမှာ ပြန်တွေ့ရတာက အတော်လေး ပျော်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့တွေ သူ့ကို ခေါ်ယူနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်” လို့ ဖွင့်ဟ ပြောပြခဲ့တာလည်း ဖြစ်ပါတယ်။