ယူရို-၂၀၂ဝပြိုင်ပွဲ မစတင်ခင်လောက်ကတည်းက အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ဂရန်းနစ်ချာကာနဲ့ စီးရီးအေ နာမည်ကျော်ကလပ် ရိုးမားအသင်းတို့ရဲ့ အပြောင်းအရွှေ့က သြဂုတ်လထဲကို ရောက်ရှိတော့မယ့် အချိန်အထိ အပြောင်းအရွှေ့ အပြီးမသတ်နိုင်သေးပဲ ကြန့်ကြာလျက်ရှိနေရာ ဒီရက်ပိုင်းအတွင်းမှာပဲ အပြီးသတ်နိုင်ဖွယ် ရှိနေပြီး ချာကာလည်း ရိုးမားကစားသမား ဖြစ်လာတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ဆွတ်ဇာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ချာကာဟာ အာဆင်နယ်အသင်းမှာ ၂၀၁၆ခုနှစ်ကတည်းက ပါဝင်ကစားနေတာဖြစ်ပေမယ့် အသင်းနဲ့ ဆက်လက် လက်မတွဲချင်တော့ပဲ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် နာမည်ကျော်နည်းပြကြီး ဟိုဆေးမော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းကနေ ချာကာကို ခေါ်ယူဖို့ ချိတ်ဆက်လာခဲ့တာ ဖြစ်ပါတယ်။ ချာကာကိုယ်တိုင်လည်း မော်ရင်ဟိုလက်အောက်မှာ ပါဝင်ကစားချင်နေတာကြောင့် အပြောင်းအရွှေ့က အဆင်ပြေချောမွေ့ဖွယ် ရှိနေခဲ့ရပေမယ့် အသင်း(၂)သင်းရဲ့ကြား ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး သဘောတူညီချက် မရသေးတာကြောင့် အပြီးသတ်နိုင်ဖို့ ကြန့်ကြာနေရတာဖြစ်ပါတယ်။

Photo Credit : Roma Press

ဒါပေမယ့် အီတလီအခြေစိုက် Sky Sport Italia ကနေ ဖော်ပြလာတဲ့ သတင်းတွေအရ ချာကာနဲ့ ရိုးမားအသင်းတို့ရဲ့ အပြောင်းအရွှေ့က ဒီရက်ပိုင်းအတွင်းမှာပဲ ပြောင်းရွှေ့ကြေး ပေါင်(၁၇)သန်းခန့်နဲ့ အပြီးသတ်နိုင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။ ရိုးမားအသင်းနည်းပြသစ် မော်ရင်ဟိုကလည်း ဆွစ်ဇာလန် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ချာကာကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူထားနိုင်တာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ချာကာအတွက် တစ်နှစ်လုပ်ခအဖြစ် ပေါင်(၂.၁)သန်း ပေးချေသွားမှာဖြစ်ပြီး ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိနေမယ့် စာချုပ်တစ်ရပ်ကိုလည်း ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ချာကာမတိုင်ခင် ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ ဝါရင့်ဂိုးသမားကြီး ရူအီပက်ထရစ်စီယိုကိုလည်း အသင်းဆီ အရခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း ဆိုးရွှားလွန်းတဲ့ ဒူးဒဏ်ရာကို ရရှိသွားခဲ့လို့ ကာလရှည်ကြာ အနားယူရတော့မယ့် အသင်းရဲ့ ဘယ်နောက်ခံကစားသမား စပင်နာဇိုလာရဲ့နေရာအတွက်ကိုလည်း ကစားသမားတစ်ဦး ပြန်လည်ခေါ်ယူ အားဖြည့်သွားဖို့အတွက်ကိုပါ စီစဉ်လို့နေပါတယ်။