အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းကတော့ ဒေါ့မွန်ကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းမှာ အသင်းရဲ့ အရေးကြီးကစားသမားတစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့ကာ အသင်းရဲ့ သွင်းဂိုးတာဝန်အတွက်လည်း အကျေပွန်ဆုံး ထမ်းဆောင်လာနိုင်သူ ဖြစ်လာခဲ့ရပါတယ်။ အာဆင်နယ်အတွက် ရာသီတိုင်းလိုလိုမှာ သွင်းဂိုးတွေများစွာ သွင်းယူနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ ဒီရာသီမှာတော့ ဂိုးမိုးခေါင်နေရသလို ပရီးမီးယားလိဂ်မှာလည်း သူရဲ့တိုက်စစ်စွမ်းဆောင်ရည်တွေက ကျဆင်းလျက်ရှိနေရပါတယ်။

Photo Credit : Daily Mirror

အသက်(၃၁)နှစ်အရွှယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုကို ပိုင်ဆိုင်ခဲ့တဲ့ လက်စတာတိုက်စစ်မှူးဗာဒီထက် (၁)ဂိုးသာ လျော့နည်းခဲ့ကာ (၂၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ ဒီရာသီမှာတော့ အသင်းနဲ့ သက်တမ်းတိုးမြင့်ခဲ့ပြီးနောက် အသင်းအတွက် ပရီးမီးယားလိဂ်မှာ (၈)ပွဲကစားပြီးနောက် သွင်းဂိုးက(၂)ဂိုးပဲ ရထားခဲ့သလို ဒီဂိုး(၂)ဂိုးဟာလည်း ဒီရာသီရဲ့ အဖွင့်ပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ပွဲနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားခဲ့ရတဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ပင်နယ်တီသွင်းဂိုးတို့ ဖြစ်ပါတယ်။

Photo Credit : Premier League

ဒီဂိုး(၂)ဂိုးရဲ့ကြားမှာ ပွဲစဉ်(၆)ပွဲလောက်ထိကို ကြာမြင့်ခဲ့ရပြီး အူဘာမီယန်းရဲ့ ဂိုးပေါက်ပျောက်မှုက ယူနိုက်တက်ကို အနိုင်ရတဲ့ပွဲမှာ အဆုံးသတ်ခဲ့ရတယ်ဆိုပေမယ့် အက်စတွန်ဗီလာကို အရေးနိမ့်ခဲ့ရတဲ့ပွဲမှာတော့ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်မှကို မလုပ်ဆောင်နိုင်ခဲ့တဲအထိ ခြေစွမ်းက ပြန်ကျသွားခဲ့ရပါတယ်။ ဒါ့အပြင် ဒီရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အူဘာမီယန်းရဲ့ ဂိုးကန်သွင်းချက်အကြိမ်ရေက (၈)ပွဲအတွင်း (၁၀)ကြိမ်သာ ရှိုလို့နေပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကတောင် အူဘာထက် ဂိုးကန်ချက် တစ်ကြိမ်သာလွန်နေတဲ့ လီဗာပူးလ်အသင်းရဲ့ နောက်ခံအစွန်လူ အာနိုးဆိုရင်လည်း အူဘာထက် Shots အရေအတွက် (၃)ကြိမ် သာလွန်နေပါတယ်။ ဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင် အူဘာမီယန်းအနေနဲ့ ဒီရာသီမှာ တိုက်စစ်စွမ်းဆောင်ရည်ပိုင်း ကျဆင်းနေတယ်ဆိုတာကို မြင်တွေ့နိုင်ပြီး တိုက်စစ်ပိုင်းတွက် အူဘာမီယန်းကို အဓိကအားကိုးနေရတဲ့ အာဆင်နယ်ဟာလည်း (၈)ပွဲကစားထားပြီးနောက်မှာ (၉)ဂိုးပဲ ရရှိထားတဲ့အထိ သွင်းဂိုးပိုင်းက နည်းပါးလွန်းနေပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ International Break ဝင်လာခဲ့ပြီဖြစ်လို့ အူဘာရော အာဆင်နယ်အသင်းပါ စွမ်းဆောင်ရည်ကျဆင်းနေမှုတွေကိုပါ အကောင်းဆုံးပြန်လာဖို့အတွက် ပြင်ဆင်နိုင်ချိန် ရနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။