ဒီနှစ်ဘောလုံးရာသီကို အဆိုးရွှားဆုံးအခြေအနေတွေနဲ့ ဖြတ်သန်းနေရပြီး အက်အေဖလားတစ်ခုတည်းသာ အသင်းရဲ့ ဒီရာသီအတွင်း တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေရတဲ့ အာဆင်နယ်အသင်းကတော့ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီသစ်မှာ သူတို့အသင်း ဝတ်ဆင်သွားမယ့် ဝတ်စုံသစ်ဒီဇိုင်းကို ဇူလိုင်လ(၂၃)ရက်နေ့ ဒီနေ့မှာပဲ တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး တနင်္ဂနွေနေ့ည ဝက်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲမှာ ဝတ်ဆင်လာဖွယ်ရှိနေပါတယ်။

Photo Credit : Goal

ကမ္ဘာကျော်အားကစားကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ Adidas ရဲ့ ဖန်တီးမှုဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းဝတ်စုံသစ်မှာ အနီနဲ့အဖြူကိုပဲ အဓိကအရောင်တွေအဖြစ် ထပ်မံသုံးစွဲထားခဲ့တာဖြစ်ပြီး အနီရောင်အပေါ်မှာတော့ > ပုံစံ အနက်အဖျော့ရောင် သင်္ကေတလေးတွေ ပါဝင်လာခဲ့ပါတယ်။ ဂျီသြမေတြီသင်္ကေတမျိုးဖြစ်တဲ့ > ကို ၁၉၃၀ခုနှစ်များအတွင်းမှာ ကလပ်အသင်းတွေအပြင် နိုင်ငံအသင်းတွေက သူတို့ရဲ့ဂျာစီဒီဇိုင်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပြီး ဂျာမနီလက်ရွေးစင်အသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ အိမ်ကွင်းဝတ်စုံဒီဇိုင်းဟောင်းတွေနဲ့ပင် ဆင်တူနေခဲ့ရပါတယ်။

Photo Credit : Footyheadlines

လတ််တလောမှာ အာဆင်နယ်ရဲ့အိမ်ကွင်းဝတ်စုံသစ်ကို တရားဝင်ထုတ်ပြန်လာခဲ့ပေမယ့်လည်း အဝေးကွင်းဝတ်စုံတွေကို ကြေညာသွားဦးမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ်မှာ ပျံနှံနေတဲ့ အာဆင်နယ်ရဲ့အဝေးကွင်းဝတ်စုံသစ်ဒီဇိုင်းကိုတော့ ပရိသတ်များစွာက အတော်လေးကို စိတ်ပျက်လျက်ရှိနေပြီး အောက်ခံအဖြူရောင်ရဲ့အပေါ်မှာ အနီရောင်အစင်းတွေ (မသိရင်သွေးတွေစွန်းထားသလို)နဲ့ ပုံဖော်ထားမှုကြောင့် တော်တော်အူကြောင်ကြာင်နိုင်တဲ့ ဒီဇိုင်းလို့ပါ ဝေဖန်ခံထားရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အဝေးကွင်းဝတ်စုံသစ်ကို သိပ်မကြာခင်မှာ ထုတ်ပြန်သွားနိုင်ပေမယ့် တတိယမြောက် ဝတ်စုံသစ်ကိုတော့ သြဂုတ်လအတွင်းမှာရောက်မှသာ ထုတ်ပြန်ဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဝက်ဖိုဒ့်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၈)ကို ကစားပြီးတာနဲ့ သြဂုတ်လ(၁)ရက်နေ့မှာ လန်ဒန်မြို့ခံအသင်း ချယ်လ်ဆီးနဲ့ အက်အေဖလားဖိုင်နယ်ပွဲကို ဆက်တိုက်ဆင်နွဲရမှာဖြစ်ပြီး အဲ့ဒီဖိုင်နယ်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့မှသာ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။