MySport Myanmar

မန်စီးတီး ဘယ်နောက်ခံလူ ဇင်ချန်ကို ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အိုင်းယတ်စ်အသင်းရဲ့ အာဂျင်တီးနား နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကို ခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း လက်ရှိမှာ ကစားသမားက အာဆင်နယ်ထက် မန်ချက်စတာယူနိုက်တက်ကိုသာ ရောက်ရှိတော့မှာဖြစ်လို့ နောက်ထပ် ပစ်မှတ်အဖြစ် မန်ချက်စတာစီးတီး ဘယ်နောက်ခံကစားသမား ဇင်ချန်ကိုကိုသာ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တယ်လို့ နာမည်ကျော် ဗြိတိန်လူမျိုး သတင်းထောက် ဒေးဗစ်အွန်စတိန်းက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

အာဆင်နယ်အသင်းဟာ ဗဟိုနောက်ခံနေရာမှာရော ဘယ်ခြမ်းခံစစ်မှာပါ ကစားတတ်တဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း လက်ရှိမှာ မာတီနက်ဇ်ကို အာဆင်နယ်ပြိုင်ဘက် မန်ယူနိုက်တက်က ခေါ်ယူနိုင်တော့မှာဖြစ်လို့ အသင်းပစ်မှတ်ဟောင်း ဇင်ချန်ကို ကိုသာ ပြန်လည်ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိ ယူကရိန်းလက်ရွေးစင် ဘယ်နောက်ခံလူ ဇင်ချန်ကိုဟာ ဒီနွေမှာပဲ သူရဲ့ မန်စီးတီးအသင်းကို စွန့်ခွာသွားဖို့ ဆန္ဒရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ သူ့အသင်းဖော်ဟောင်း ဂါဘရီရယ်ဂျေဇူးရှိရာ အာဆင်နယ်ကို ပြောင်းရွှေ့လာရမယ့် အခြေအနေမျိုး ဖြစ်နေရပါတယ်။

Photo Credit : BeSoccer

ဘယ်ခြမ်းခံစစ် ကွင်းလယ်ဘယ်ခြမ်းနဲ့ central midfield နေရာတွေမှာ ပါဝင်ကစားတတ်သူ ဇင်ချန်ကိုဟာ ယူကရိန်းထိပ်တန်းကလပ် ရှက်တာဒိုးနက်အသင်းရဲ့ လူငယ်အကယ်ဒမီမှာ ပါဝင်ခဲ့ရပေမယ့် သူရဲ့စီနီယာ ကစားသမားဘဝကို ရုရှားကလပ် Ufa မှာ စတင်ခဲ့ရပြီး ၂၀၁၆ခုနှစ်မှာပဲ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ လက်ရှိမှာ မန်စီးတီးနဲ့ ဘောလုံးရာသီ (၅)ရာသီထိ ဖြတ်သန်းထားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၄)ကြိမ်ထိ ပိုင်ဆိုင်ထားတဲ့ ဇင်ချန်ကိုဟာ ကစားသမားကောင်းတွေ တပုံတပင်ရှိနေတဲ့ မန်စီးတီးအသင်းမှာ ပွဲကစားခွင့်တွေ အကန့်အသတ်နဲ့သာ ရရှိနိုင်တာဖြစ်တဲ့အပြင် မန်စီးတီးကလည်း ဘရိုက်တန်ရဲ့ စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူဖို့ ရှိနေတဲ့အတွက် ဇင်ချန်ကိုက သူ့ကို ပုံမှန်နေရာအတွက် အာမခံချက်ရှိတဲ့ ကလပ်အသင်းတစ်ခုဆီကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဇင်ချန်ကို ကို အာဆင်နယ်အသင်းက ခေါ်ယူချင်နေပြီး ဇင်ချန်ကိုကလည်း မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာရဲ့ လက်ထောက် ဖြစ်ခဲ့ဖူးတဲ့ မီခယ်အာတီတာနဲ့ အာဆင်နယ်မှာ ပြန်လည်လက်တွဲလိုနေပါတယ်။ အပြောင်းအရွှေ့ အထမြောက်လာဖို့အတွက်ကတော့ ဇင်ချန်ကိုအတွက် မန်စီးတီးဘက်က သတ်မှတ်ထားမယ့် ပြောင်းရွှေ့ကြေးမျိုးကို အာဆင်နယ်က ပေးချေနိုင်ဖို့သာ လိုအပ်နေပြီး အာဆင်နယ်အနေနဲ့ ဒီဈေးကွက်ထဲမှာပဲ မန်စီးတီးကစားသမား(၂)ဦးထိ ခေါ်ယူသွားနိုင်မယ့် အခြေအနေမျိုးလည်း ဖြစ်နေရပါတယ်။

Exit mobile version