MySport Myanmar

အာဆင်နယ်က သူတို့နဲ့ ရင်ဆိုင် ကစားချင်မှာ မဟုတ်ဘူးလို့ ပြောလာတဲ့ ဆွန်ဟောင်မင်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ဆွန်ဟောင်မင်က မြို့ခံပြိုင်ဘက် အာဆင်နယ်ဟာ သူတို့အသင်းရဲ့ ခြေစွမ်းကောင်းတွေကြောင့် ဒီတပတ်မှာ သူတို့အသင်းကို ရင်ဆိုင် ကစားချင်မှာ မဟုတ်ဘူးလို့ ပြောရင်း လန်ဒန်ဒါဘီပွဲမတိုင်မီ အာဆင်နယ်ကို စကားစစ်ထိုးသွားခဲ့ပါတယ်။

စပိန်နည်းပြ အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ဩစတေးလျနည်းပြ ပိုစတီဂိုဂလူ ဦးဆောင်နေတဲ့ စပါးတို့က ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အသင်းတွေ ဖြစ်ကြပြီး နှစ်သင်းစလုံးက ပရီးမီးယားလိဂ် ပွဲစဉ်(၅) အပြီးမှာ ၄ပွဲနိုင် ၊ ၁ပွဲသရေ ဆိုတဲ့ တူညီတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ဒီတပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားမယ့် အာဆင်နယ်နဲ့ စပါးတို့ရဲ့ လန်ဒန်ဒါဘီပွဲမှာ ဘယ်အသင်းက အနိုင်ရလဒ်ကို ရရှိသွားမလဲ ဆိုတာ ခန့်မှန်းရ ခက်ခဲနေပါတယ်။

အာဆင်နယ်နဲ့ စပါးတို့ တွေ့ဆုံတဲ့ ဒါဘီပွဲကို မြောက်လန်ဒန်ဒါဘီပွဲလို့ ခေါ်ကြပြီး မြောက်လန်ဒန်ဒါဘီပွဲတွေက တခြား လန်ဒန်ဒါဘီပွဲတွေထက် ပိုမို အကြိတ်အနယ် ရှိကြသလို နှစ်သင်းကြားမှာ အမုန်းတရားတွေ ၊ ပြိုင်ဆိုင်လိုစိတ်တွေလည်း အတော်လေး များကြပါတယ်။

Photo Credit: Goal

ဒီအချက်ကြောင့်ပဲ ဒီတပတ်မှာ ယှဉ်ပြိုင် ကစားမယ့် အာဆင်နယ်နဲ့ စပါးပွဲစဉ်က ပရိသတ်တွေ မလွတ်တမ်း စောင့်ကြည့် အားပေးရမယ့်ပွဲ ဖြစ်ပြီး စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကတော့ အာဆင်နယ်ဟာ ခြေစွမ်းတက်နေတဲ့ သူတို့အသင်းနဲ့ ရင်ဆိုင် ကစားချင်မှာ မဟုတ်တာကို အသေအချာ သိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဆွန်ဟောင်မင်က – “ဒီပွဲက ကျွန်တော်တို့အတွက်ရော ၊ သူတို့အတွက်ပါ ထူးခြားတဲ့ပွဲပါ။ ဒီပွဲရဲ့ ရလဒ်က ကျွန်တော်တို့ အတွက် အတော်လေး အရေးကြီးတယ်လို့ ပြောရပါမယ်။ ကျွန်တော်တို့က အဲ့ဒီပွဲ အတွက် အလုပ်ကြိုးစားဖို့ လိုအပ်သလို ဒီတပတ်ထဲမှာ ကြိုးစားပမ်းစား လေ့ကျင့်မှုတွေ လုပ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကစားသမားတွေက အဲ့ဒီပွဲကို ကစားချင်နေကြသလို ကစားဖို့လည်း အဆင်သင့် ဖြစ်နေပါပြီ။ အာဆင်နယ်က အခုချိန်မှာ ကျွန်တော်တို့နဲ့ ရင်ဆိုင် ကစားချင်မှာ မဟုတ်ဘူး ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့က အရာအားလုံး ပေးဆပ် ကစားဖို့ အဆင်သင့်ပဲ။ ကျွန်တော်က ရလဒ်ကောင်း တခု ရစေရမယ် ဆိုတဲ့ ကတိမျိုး မပေးနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဒီအသင်းအတွက် တနင်္ဂနွေနေ့မှာ အရာအားလုံး ပေးဆပ် ကစားသွားမယ်လို့ အာမခံပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

Exit mobile version