အင်္ဂလန် အမျိုးသမီး ဘောလုံးအသင်းတွေထဲမှာ ချန်ပီယံလိဂ်ဖလားကို ရယူထားနိုင်တဲ့ တစ်သင်းတည်းသော ကလပ်အသင်း အာဆင်နယ် အမျ်ိုးသမီးအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆင်နွဲရတော့မှာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ မနေ့ညက ပဲရစ်အက်စ်စီ အမျိုးသမီးအသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရင်း မိနစ် (၉၀)အတွင်းရော အချိန်ပို နာရီဝက်မှာပါ အနိုင်အရှုံးမပေါ်လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရင်း ပင်နယ်တီမှာ ရှုံးနိမ့်သွားခဲ့လို့ပဲ ဖြစ်ပါတယ်။
Photo Credit : Eurosport
ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီမှာတော့ ခြေစစ်ပွဲအဆင့်ကနေ စတင် ဆင်နွဲခဲ့ရပြီး ခြေစစ်ပွဲ ပထမပွဲစဉ်ကို ဂိုးပြတ် အနိုင်ရခဲ့ပေမယ့်လည်း ဒုတိယမြောက်ပွဲစဉ်မှာပဲ ရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်။
ပြိုင်ဘက်အသင်းရဲ့ ဦးဆောင်မှုနောက်က လိုက်ကစားခဲ့ပြီး ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာ ချေပဂိုး သွင်းယူရင်း အချိန်ပို ဆက်ကစားခဲ့ရာ အချိန်ပိုမှာလည်း ထပ်မံ ဦးဆောင်ခံခဲ့ရပြန်သလို ပြန်လည်း ချေပနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာတော့ အာဆင်နယ်ဘက်က (၂)ကြိမ်ဆက်တိုက် ဂိုးမဝင်ခဲ့တာကြောင့် ခြေစစ်ပွဲအဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတော့တယ်။
Photo Credit : UEFA
အာဆင်နယ်ဟာ WSL လို့ ခေါ်တဲ့ အင်္ဂလန်ပြည်တွင်း အမှတ်ပေးလိဂ်မှာသာမကပဲ ပြည်ပမှာပါ အင်အားကြီး ကလပ်အသင်း ဖြစ်ပေမယ့်လည်း ခြေစစ်ပွဲအဆင့် ပြင်သစ်ကလပ် ပဲရစ်အက်စ်စီကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးနဲ့ လွဲချော်သွားခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ် အမျိုးသမီးအသင်းက အင်္ဂလန် အမျိုးသမီး ဘောလုံးအသင်းတွေထဲမှာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ထားဖူးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ဂုဏ်ယူဝင့်ကြားစွာ ဆက်လက် ရပ်တည်နိုင်မှာဖြစ်ပြီး ၂၀၀၆-၂၀၀၇ ခုနှစ်တုန်းက ဆွီဒင်ကလပ် Umea အသင်းကို အနိုင်ယူရင်း ချန်ပီယံလိဂ်မှာ အောင်ပွဲရထားခဲ့တာပဲ ဖြစ်ပါတယ်။