ဒီနှစ်ဘောလုံးရာသီမှာ လက်စတာအသင်းကနေ နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကို ခေါ်ယူဖို့လို့ ခံစစ်ပိုင်းမှာ နေရာပျောက်ဆုံးဖို့ သေချာသလောက်ရှိနေတဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်ကစားသမား ခရစ်စမောလင်းဟာ နွေစျေးကွက်မပိတ်ခင်မှာ သူတစ်ခါမှ မကျင်လည်ခဲ့ဖူးတဲ့ အီတလီစီးရီးအေကို ရွေးချယ်ခဲ့ပြီး ရိုးမားအသင်းဆီကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ လက်ရှိမှာတော့ စမောလင်းဟာ အီတလီမြေမှာ ခြေစွမ်းပြနေလျက်ရှိတာကြောင့် သူ့ကို ပရီးမီးယားလိဂ်အသင်းတချို့ကနေ ပြန်လည်ခေါ်ယူဖို့တောင် စိတ်ဝင်စားလာခဲ့ကြပါတယ်။

Photo Credit : Getty Image

လတ်တလောမှာတော့ အင်္ဂလန်နောက်ခံကစားသမား စမောလင်းကို သူနဲ့ ယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်းဟိုဆေးမော်ရင်ဟို ကိုင်တွယ်နေတဲ့ စပါးအသင်းကနေ ချိတ်ဆက်လျက်ရှိနေပြီး ရာသီအကုန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတော့မယ့် ဗာတွန်ဂန်ရဲ့နေရာအတွက် အစားထိုးချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းနဲ့အပြိုင် စပါးရဲ့ခါးသီးဒါဘီပြိုင်ဘက်အသင်းဖြစ်တဲ့ အာဆင်နယ်ဟာလည်း အသင်းရဲ့ခံစစ်အားနည်းချက်တွေအတွက် စမောလင်းကို ယူနိုက်တက်ဘက်ကနေ သတ်မှတ်ထားခဲ့တဲ့ ပေါင်၂၅သန်းနဲ့ ခေါ်ယူသွားဖို့ ကြိုးပမ်းလာဖွယ်ရှိနေတာကြောင့် စပါးနဲ့အာဆင်နယ်ဟာ စမောလင်းကို အပြိုင်ကမ်းလှမ်းရဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

အီတလီမြေမှာ ခြေစွမ်းကောင်းတွေပြသလို့နေတဲ့ စမောလင်းကို ရိုးမားအသင်းကနေလည်း အပြီးသတ်ခေါ်ယူဖို့အတွက် ဆန္ဒရှိနေပေမယ့် ယူနိုက်တက်ဘက်ကနေ သတ်မှတ်လို့ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏကိုတော့ ပေးချေချင်စိတ်မရှိတာကြောင့် ရာသီအကုန်မှာ ပရီးမီးယားလိဂ်ကိုပဲ ပြန်ပို့ရဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ကတော့ သူတို့ကစားသမားကို အပြီးသတ်ရောင်းချဖို့ မဆုံးဖြတ်ရသေးပဲ ကစားသမားကိုယ်တိုင်က ယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းလိုစိတ်မရှိတော့တာကြောင့် လာမယ့်နွေစျေးကွက်မှာ အသင်းကနေ အပြီးသတ်ရောင်းချလိုက်ဖို့ကို စီစဉ်လာခဲ့ရတာဖြစ်ပါတယ်။ စမောလင်းကို အဲဗာတန်အသင်းဘက်ကနေလည်း ခေါ်ယူဖို့ စိတ်ဝင်တစားရှိလို့နေပြီး စီးရီးအေထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျုဗင်တပ်စ် အေစီမီလန် အင်တာမီလန်တို့ကလည်း သူ့ကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။