MySport Myanmar

ဒုကျော့ အိမ်ကွင်းပွဲစဉ်မှာ ပေါ်တိုကို အနိုင်ကစားသွားမယ်လို့ အာတေတာ ဆို

မနေ့ညက ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ပေါ်တိုအသင်းနဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင်ပေါ်တိုအသင်းက ပွဲပြီးခါနီး နာကျင်အချိန်ပိုထဲ ဂါလီနိုရဲ့ အမိုက်စား သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်မှာ ဧည့်သည် အာဆင်နယ်အသင်းက ဂိုးကန်မှု (၇)ကြိမ်အထိ ပြုလုပ်ခဲ့ပေမယ့်လည်း ဂိုးပေါက်တည့်ကန်ချက်က တစ်ကြိမ်မှ မရှိခဲ့ရတဲ့အထိ တိုက်စစ်ပိုင်းက အတော်လေး ဆိုးရွှားခဲ့ရပြီး ပေါ်တိုကွင်းမှာ ကစားရတိုင်း ရလဒ်မကောင်းတက်တဲ့ အစဉ်အလာဆိုးကနေပါ ဖောက်မထွက်နိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Evening Standard

အခုဆိုရင် အာဆင်နယ်ဟာ အမ်းမရိတ်ဒ်စ်ကွင်းမှာ ပြန်ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာတော့ နိုင်ပွဲ ပြန်ယူသွားဖို့ လိုအပ်လာခဲ့ပြီး အာဆင်နယ် နည်းပြ မီခယ်လ် အာတေတာကလည်း ဒုကျော့ပွဲစဉ်မှာ ပေါ်တိုအသင်းကို အနိုင်ကစားသွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

“အခုရလဒ်က ပထမပိုင်းရလဒ်လိုပဲ ပြောရပါမယ်။ တကယ်လို့ ကျွန်တော်တို့တွေ ကွာတားဖိုင်နယ်ဆီ တက်လှမ်းချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အသင်းကို မဖြစ်မနေ အနိုင်ယူသွားဖို့ လိုပါတယ်။ ဒါက အမ်းမရိတ်ဒ်စ်ကွင်းမှာ ကျွန်တော်တို့ လုပ်ဆောင်သွားရမယ့် ကိစ္စပါပဲ။”

Photo Credit : Goal

“ပွဲတစ်ပွဲကို အနိုင်မရအောင် မကစားနိုင်ခဲ့ဘူးဆိုရင် နောက်ပွဲတွေကျရင် ပိုကောင်းအောင် စီမံသွားရမယ်ဆိုတာ သိသာထင်ရှားပါတယ်။ အခုပွဲမှာက ကျွန်တော်တို့တွေက တိုက်စစ်ပိုင်း ခြိမ်းခြောက်မှုတွေ မရှိသလောက် နည်းပါးတယ်။ Aggression လည်း မရှိသလိုပဲ။”

“လာမယ့်ပွဲမှာ ပိုမိုကောင်းမွန်အောင် တိုက်စစ်ကစားသွားဖို့အတွက် အချို့သော အရာတွေကို ပြောင်းလဲပစ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်လို့ပါပဲ။ နောက်ပြီး အခုပွဲမှာက သူတို့ ကစားသမားတွေကို ထိလိုက်တာနဲ့ ပြစ်ဒဏ်ဘောတွေပဲ ပေးနေရတာကလည်း ကျွန်တော်တို့အတွက် မလွယ်ကူပါဘူး။” အာတေတာက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version