ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ မဟာပြိုင်ဘက် အသင်းတစ်သင်းလို့ ဆိုနိုင်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျက်ဆီလင်ဂတ်ကို ခေါ်ယူဖို့ အတွက် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၈နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမား လင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး မော်ရင်ဟိုရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် လက်တလောမှာတော့ ဝက်စ်ဟမ်းအသင်းထံ ရာသီဝက် အငှားနဲ့ သွားရောက် ကစားနေသူပါ။

Photo Credit: Goal

လင်ဂတ်ဟာ ပြီးခဲ့တဲ့နှစ် အတွင်းမှာ မိခင်ဖြစ်သူ သေဆုံးမှု ၊ အတူနေချစ်သူနဲ့ ခွာပြဲမှုတွေကြောင့် ကွင်းတွင်းခြေစွမ်း ကျဆင်းခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဝက်စ်ဟမ်း အသင်းထံ ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ဝက်စ်ဟမ်းအသင်းရဲ့ အဓိက ကစားသမား ဖြစ်လာပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်း အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်တာကြောင့် လက်ရှိမှာတော့ ဝက်စ်ဟမ်း အသင်းဟာ သူ့ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။

Photo Credit: Goal

ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ လင်ဂတ်ကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားဖူးပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ တိုက်ရိုက်ပြိုင်ဘက် ဖြစ်တဲ့ အာဆင်နယ်အသင်းထံ လင်ဂတ်ကို အငှားချဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ လင်ဂတ်ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ လူငယ် ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ အိုဒီဂတ်ကို မခေါ်ယူနိုင်ပါက လင်ဂတ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းဝန်းကျင် အသုံးပြုကာ ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။